Tuesday, June 17, 2014

သံဃာတော်ငါးပါး လူဝတ်လဲဖမ်းဆီးခြင်းအပေါ် အင်္ဂလန်ရောက်မြန်မာများ သံရုံးရှေ့တွင်ဆန္ဒပြ


ဇွန်လ ၁၆ ရက်က အင်္ဂလန် နိုင်ငံရောက် မြန်မာနိုင်ငံသား ၂၀၀ ၀န်းကျင်သည် မဟာသန္တိ သုခကျောင်းတိုက်တွင် သီတင်း သုံးနေသော ဆရာတော် ဦးဥတ္တရနှင့် သံဃာတော်လေးပါး ဖမ်းဆီးလူဝတ်လဲခံရမှုနှင့်ပတ်သက်ပြီး ၎င်းတို့အား ပြန်လွှတ်ပေးရန် လန်ဒန်မြို့ရှိ မြန်မာသံရုံးရှေ့သို့ သွားရောက် ဆန္ဒပြတောင်းဆို ကန့်ကွက်ခဲ့ကြသည်။ ထိုဆန္ဒပြမှုကို သံရုံးရှေ့တွင် တစ်ပတ်ကြာ ဆန္ဒပြကန့်ကွက်သွားမည်ဖြစ်ကြောင်း အဆိုပါ ဆန္ဒပြရာတွင် ဦးဆောင်သူ မဥမ္မာဦးက ပြောသည်။

‘‘အဓိကက ဆရာတော်တွေကို အတင်းအဓမ္မဖမ်းဆီးတာကို ဆန္ဒပြတာပါ။ ဆန္ဒပြတာကို ဒီတစ်ပတ်လုံး မြန်မာသံရုံးရှေ့မှာ လုပ်သွားမယ်။ နိုင်ငံခြားရေးရုံးမှာလည်း အခြေအနေကို သွားရောက်တွေ့ဆုံပြောသွားမယ်။ အင်္ဂလန်ဆရာတော် အပါအ၀င် သံဃာလေးပါးကို ပြန်လွှတ်ပေးဖို့ တောင်းဆိုသွားမယ်’’ ဟု မဥမ္မာဦးက ပြောသည်။

အဆိုပါ ဆရာတော်များ ဖမ်းဆီးလူဝတ်လဲခံရမှုနှင့် ပတ်သက်၍ မြန်မာပြည်သူများကလည်း သာသနာရေးဝန်ကြီးဌာနအား အပြင်းအထန် ကန့်ကွက်ခဲ့ကြသည်။

တာမွေမြို့နယ် နတ်ချောင်းရပ်ကွက်ရှိ မဟာသန္တိသုခ ကျောင်းတိုက်အား တိုင်းသံဃနာယကဆရာတော်များ ဦးဆောင်၍ သာသနာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ရဲတပ်ဖွဲ့ဝင်များက အင်အားသုံးကာ ဇွန်လ ၁၀ ရက် ည ၁၁ နာရီတွင် ၀င်ရောက် စီးနင်း၍ ကျောင်းတိုက်ရှိ သံဃာတော်များကိုဖယ်ရှားကာ ကျောင်းတိုက်ကို ချိပ်ပိတ်လိုက်ခြင်း ဖြစ်သည်။

7Day Daily

0 comments:

Post a Comment