Monday, March 3, 2014

ရှက်စိတ် မရှိကြတော့ဘူးလား

Photo: ရှက်စိတ် မရှိကြတော့ဘူးလား
Monday, March 3, 2014

ဒီကနေ့ မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတာတွေကို တွေးမိတိုင်း မရှိတော့ပြီဖြစ်တဲ့ ဆရာလူထုစိန်ဝင်းကို သတိရမိပါတယ်။ ဆရာသာရှိနေရင် ဘယ်လိုပြောမလဲ မှန်းဆကြည့်မိတယ်။ ပြဿနာရပ်တိုင်းကို မေးတဲ့အချိန်တိုင်း ဒိုးခနဲ၊ ဒေါက်ခနဲ ပြန်ဖြေတတ်တဲ့ ဆရာမရှိတော့တာဟာ အလွန်နှမြောစရာ ကောင်းပါတယ်။

တစ်စထက်တစ်စ ပိုလို့ဝေး

ဒီမိုကရေစီဟာ နောက်ဆုံးပန်းတိုင် မဟုတ်ဘူးလို့ ဆရာက အမြဲပြောခဲ့တယ်။ အခုချိန်က နောက်ဆုံးပန်းတိုင် မဟုတ်သေးတဲ့ ဒီမိုကရေစီကို မရောက်သေးပါဘူး။ စပ်ကူးမပ်ကူး ကာလပဲ ရှိပါသေးတယ်။ ဒီစပ်ကူးမပ်ကူး ကာလမှာပင် အမြင်မတင့်တာတွေ၊ ကမောက်ကမတွေက ဒုနဲ့ဒေး ဖြစ်နေပါပြီ။ အုပ်ချုပ်သူ လူတစ်စုနဲ့ အုပ်ချုပ်ခံ ပြည်သူတွေကြား တစ်စထက်တစ်စ ပိုလို့ဝေးနေပါတယ်။

ဆရာရှိရင် ဘာပြောမလဲ

အာဏာကို ဖက်တွယ်လိုသူတွေနဲ့ လူထုကြားက လွန်ဆွဲပွဲတွေ။ တရားစီရင်ရေးစနစ်ရဲ့ ခြစားမှုတွေ။ မြေသိမ်းယာသိမ်း ပြဿနာတွေ။ ၀င်ငွေထွက်ငွေ မမျှတရာက ဖြစ်လာခဲ့တဲ့ ကျူးကျော်ဘ၀တွေ။ ပြည်သူအတွက်လို့ ကြွေးကျော်ပြီး ပြည်သူ့အရေး ကိစ္စတွေမှာ ရှေ့တန်းထွက် တောင်းဆိုဖို့ထက် ကိုယ့်အရေးသာ ကိုယ်အာရုံစိုက်နေကြတဲ့ နိုင်ငံရေးသမားတွေ။ ဖေဖော်ဝါရီ ၂၅ ရက်က ထွက်လာတဲ့ လွှတ်တော်အစီရင်ခံစာ တစ်ရပ်မှာ ငွေကြေးချမ်းသာသူတွေက ပိုချမ်းသာနေပြီး ဆင်းရဲသူတွေက ပိုဆင်းရဲနေကြပြီလို့ ဆိုပါတယ်။ ပြည်သူတွေဘက်က အမြဲရပ်တည်ပေးတဲ့ ဆရာရှိနေရင် ဘာတွေများ ပြောနေမလဲ။

ရှက်စိတ်

ဒါနဲ့ တစ်ဆက်တည်းမှာပဲ ဆရာရေးခဲ့တဲ့ ‘ရှက်စိတ်’ ဆောင်းပါးကို သတိရမိပါတယ်။ ‘ရှက်စိတ်’ တန်ဖိုးလျော့ကျလာရာက ‘ရှက်စိတ်’ တွေ ကင်းမဲ့လာတဲ့ ဒီအချိန်မှာ လူနဲ့တိရစ္ဆာန်ကြားက ခြားနားထားတဲ့စည်းဟာ ၀ိုးတ၀ါး ဖြစ်လာပါပြီ။

“ဟီရိသြတ္တပ္ပဆိုတဲ့ ‘ရှက်ခြင်း’ တရားကြောင့် လူတွေဟာ ယဉ်ကျေးတဲ့သတ္တ၀ါလို့ အခေါ်ခံလာရတာပါ။ တိရစ္ဆာန်တွေမှာတော့ ‘ဟီရိသြတ္တပ္ပ’ ဆိုတာကို နားမလည်ကြပါဘူး။ ကိုယ်ဆာလောင်လာတဲ့အခါ၊ စားချင်စိတ် ပေါ်လာတဲ့အခါ ကိုယ့်ရှေ့မှာပေါ်လာတဲ့ ကိုယ့်ထက်အားနည်းတဲ့ သတ္တ၀ါလေးတွေကို ဖမ်းယူစားသောက် ပစ်လိုက်တာပါပဲ။ အားနည်းသူကို အနိုင်ကျင့်တာဟာ ရှက်စရာပါလားလို့ တိရစ္ဆာန်တွေက စဉ်းစားရကောင်းမှန်း မသိပါဘူး။ အဲဒီလိုပါ။ သူ့ထက် အားကြီးတဲ့ သတ္တ၀ါကိုတွေ့ရင် သူဟာအမြီးကိုတန်းပြီး ထွက်ပြေးမှာပါပဲ။ ရန်သူကို ကျောပေးပြီး ပြေးခြင်းဟာ ရှက်စရာပါလားလို့ တိရစ္ဆာန်တွေက မစဉ်းစားတတ်ပါဘူး။ သူ့အတွက် အရေးကြီးဆုံးက သူ့အသက်ရှင်နေဖို့သာ ဖြစ်တယ်။ အဲဒါကြောင့် ‘အရှက်’ ဆိုတဲ့ အရာလေးတစ်ခုဟာ လူနဲ့တိရစ္ဆာန်ကို စည်းခြားပေးထားတဲ့ အရာတွေထဲက အရေးကြီးတဲ့ အရာတစ်ခုလို့ ဆိုချင်ပါတယ်။ ‘နိုင်ရာစား’ စနစ်ဆိုတာ ‘တောတွင်းဥပဒေသ’ ဖြစ်တယ်။ တိရစ္ဆာန်တို့ရဲ့စရိုက် ဖြစ်တယ်လို့ သိလာကြပြီး ရှောင်ကြဉ်လာကြတာနဲ့အမျှ လူသားဟာ ပိုပိုပြီး ယဉ်ကျေးလာကြတာပါ” လို့ ဆရာကဆိုပါတယ်။

ရှက်စိတ်မရှိတော့ခြင်း

တစ်ချိန်တုန်းက ‘အရှက်’ ကို ‘အသက်’ နဲ့လဲကာကွယ်ပြီး သိက္ခာကို ထိန်းသွားခဲ့သူတွေ သမိုင်းမှာ ရှိခဲ့ပါတယ်။ ‘ရှက်စိတ်’ တန်ဖိုး လျော့ကျလာတဲ့နောက် ‘အရှက်ကို အသက်နဲ့လဲခြင်း’ ဟာ ပုံပြင်လို ဖြစ်သွားပါတယ်။ ‘အရှက်’ ကင်းမဲ့တာကို လူမိသွားတဲ့အခါ ‘ဆောရီး’ တစ်လုံးတည်းနဲ့ပြီးတဲ့ခေတ် ရောက်လာပါတယ်။ ‘ဆောရီး’ နဲ့ပြီးတဲ့ခေတ်ကို မချိတင်ကဲဖြစ်ရင်း ‘ရှက်စိတ်’ ဆောင်းပါးကို ဆရာရေးခဲ့တာပါ။

ဆရာမရှိတော့တဲ့ ဒီနေ့ခေတ်မှာ ‘အရှက်’ ကင်းမဲ့ခြင်းတွေအတွက် ‘ဆောရီး’ ဆိုတဲ့ စကားလုံးတောင် မရှိတော့ပါဘူး။ နိုင်ရာစား တောတွင်းဥပဒေသနဲ့ မျက်နှာပြောင်တိုက် လုပ်ရပ်တွေဟာ ရှက်စိတ်မရှိကြတော့ခြင်းကို ပြဆိုနေပါတယ်။

လက်ပိုက်ကြည့်ခဲ့ရ

ရှက်စိတ်ကင်းမဲ့တဲ့ လုပ်ရပ်တွေထဲမှာ ပထမဆုံး လက်ညှိုးထိုးရမှာက တရားစီရင်ရေးနယ်ပယ် ဖြစ်ပါတယ်။ တစ်ချိန်တုန်းက တရားစီရင်ရေးစနစ်ရဲ့ ခြစားမှုတွေကို ပြည်သူတွေ လှိမ့်ပိန့်ခံခဲ့ရပါတယ်။ ငွေများတရားနိုင်ခေတ်ကို မျက်ဝါးထင်ထင် ဖြတ်သန်းခဲ့ကြရပါတယ်။ တရားခွင်မှာ တရားသူကြီးတွေအစား ငွေထုပ်ပဲရှိတဲ့ အခြေအနေထိ ဖြစ်ခဲ့ပါတယ်။ လက်ပိုက်ကြည့်ရုံကလွဲပြီး ဘာမှမတတ်နိုင်ခဲ့ပါဘူး။ အရှက်အကြောက်တရား ကင်းခဲ့တဲ့ မြန်မာ့တရားစီရင်ရေး စနစ်ရဲ့ ဆိုးကျိုးတွေကို ပြည်သူတွေပဲ ခါးစည်းခံခဲ့ ကြရပါတယ်။

အရေးယူသူ မရှိ

ငွေများတရားနိုင်စနစ်နဲ့ တရားသူကြီးတွေ၊ ဥပဒေအရာရှိတွေရဲ့ ခြစားမှုတွေ ထောင်သောင်းချီ ရှိခဲ့ပေမဲ့ သူတို့ကို အရေးယူသူတွေ မရှိခဲ့ပါဘူး။ သူတို့ရဲ့ ခြစားမှုတွေကို သက်သေခိုင်ခိုင်မာမာနဲ့ ပြနိုင်ခဲ့ရင်တောင် အရေးမယူတာက အံ့သြစရာပါ။ အလွန်ဆုံး အငြိမ်းစားပေးခံရတဲ့ အဆင့်ပဲ ရှိပါတယ်။ ဒါကြောင့်မို့လည်း သူတို့ရဲ့ နိုင်ထက်စီးနင်း ပြုမှုတွေဟာ အခုချိန်ထိ ရှိနေခဲ့တာပါ။

လွှတ်တော်ကို ရောက်လာတဲ့ တိုင်စာတွေထဲမှာ တရားစီရင်ရေးနဲ့ ပတ်သက်တဲ့ တိုင်စာတွေက အများဆုံးပါ။ နောက်ထပ်အများဆုံးက မြေသိမ်း၊ လယ်သိမ်းမှုတွေပါ။ မြေသိမ်းလယ်သိမ်း တိုင်စာတွေကို ထိုက်သင့်သလို ဆောင်ရွက်နေကြပေမဲ့ တရားစီရင်ရေး တိုင်စာတွေကို အရေးယူမှု မလုပ်သေးတာ စိုးရိမ်စရာ ကောင်းပါတယ်။

တရားသူကြီးတွေက သူတို့ရဲ့ ဥပဒေဘောင်၊ သူတို့ကို အပ်နှင်းထားတဲ့ အာဏာကိုသာ သုံးတယ်လို့ ဆင်ခြေပေးတတ်ပါတယ်။ အဲဒီနောက်မှာ ရှိနေတဲ့ အဂတိတရား လေးပါးကို ဒီဆင်ခြေတွေနဲ့ ဖုံးဖိကြပါတယ်။

ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်တွေမှာ ဖြစ်ခဲ့တဲ့ တရားစီရင်ရေး ခြစားမှု တိုင်တန်းမှုတွေဟာ သက်သေအထောက်အထား ရှိခဲ့ကြပါတယ်။ ဒါပေမဲ့ အတိုင်ခံရသူ တရားသူကြီးတွေကို အရေးယူ အပြစ်ပေးခံရတာ မရှိပါဘူး။ တိုင်သူတွေဟာ စိတ်မော၊ လူပင်ပန်း ဖြစ်ခဲ့ပါတယ်။ အစိုးရကိုလည်း ယုံကြည်မှု ကင်းမဲ့သွားပါတယ်။

လွှတ်တော်မှာ မှတ်တမ်းတင်

လွှတ်တော်မှာ အစိုးရရဲ့ ချို့ယွင်းအားနည်းချက်ကို ထောက်ပြပိုင်ခွင့် ရှိပါတယ်။ အရေးယူပိုင်ခွင့် မရှိပါဘူး။ တရားစီရင်ရေးရဲ့ ခြစားမှုတွေအကြောင်း လွှတ်တော်မှာ ပွင့်ပွင့်လင်းလင်း တင်ပြခဲ့ပါတယ်။ အစိုးရပိုင်းက အရေးယူမှု အားနည်းခဲ့ပါတယ်။ လွှတ်တော်က တင်ပြဆွေးနွေး မှတ်တမ်းတင်ရုံပဲ တတ်နိုင်ပါတယ်။

ငွေများတရားနိုင်စနစ်နဲ့ တရားသူကြီးတွေ၊ ဥပဒေအရာရှိတွေရဲ့ ခြစားမှုတွေ ထောင်သောင်းချီ ရှိခဲ့ပေမဲ့ သူတို့ကို အရေးယူသူတွေ မရှိခဲ့ပါဘူး။ သူတို့ရဲ့ ခြစားမှုတွေကို သက်သေခိုင်ခိုင်မာမာနဲ့ ပြနိုင်ခဲ့ရင်တောင် အရေးမယူတာက အံ့သြစရာပါ။ အလွန်ဆုံး အငြိမ်းစားပေးခံရတဲ့ အဆင့်ပဲ ရှိပါတယ်။ ဒါကြောင့်မို့လည်း သူတို့ရဲ့ နိုင်ထက်စီးနင်း ပြုမှုတွေဟာ အခုချိန်ထိ ရှိနေခဲ့တာပါ . . . . .

ပြီးခဲ့တဲ့ရက်ပိုင်း ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်မှာ လုပ်ခဲ့တဲ့ အစည်းအဝေးမှာ ဒီလိုဖြစ်ရပ်မျိုး ထပ်တွေ့ခဲ့ပါတယ်။ မအူပင်မြို့နယ် တရားရုံးနဲ့ ရွှေတောင်မှော်ရဲစခန်းက တာဝန်ရှိသူတွေဟာ တရားစီရင်ရေးရဲ့ မှန်ကန်မျှတမှုကို မျက်ကွယ်ပြုခဲ့တယ်၊ ငွေများတရားနိုင် ဘက်လိုက်စီစဉ်ခဲ့တယ်ဆိုပြီး တိုင်းဒေသကြီးလွှတ်တော် စိစစ်ရေးကော်မတီက တွေ့ရှိခဲ့ပါတယ်။ ဒါကို လွှတ်တော်ထဲမှာ ဆွေးနွေးပါတယ်။ တိုင်းတရားသူကြီးချုပ်က တရားရေးဝန်ထမ်းဘက်က ကာကွယ်ဖြေဆိုပါတယ်။ လွှတ်တော်က မှတ်တမ်းတင်ရုံ အဆင့်သာ တတ်နိုင်ခဲ့ပြီး ဘာမှဆက်မလုပ်နိုင်ခဲ့ပါဘူး။

သိပ်မကြာသေးခင် အချိန်က ပဲခူးတိုင်းအနောက်ခြမ်း ပြည်ခရိုင်မှာဖြစ်ခဲ့တဲ့ အမှုတွေကလည်း တရားသူကြီးတွေအပေါ် မေးခွန်းထုတ်စရာ ဖြစ်ခဲ့ပါတယ်။ မတရားသဖြင့် လယ်သိမ်းခံရတယ်ဆိုတဲ့ လယ်သမားတွေကို ဖမ်းဆီးထောင်ချခဲ့တာပါ။ အဲဒီ တရားသူကြီးဟာ သူရဲ့စီရင်မှုတွေ မမျှတလို့ ဆန္ဒပြခံခဲ့ရသူ တစ်ဦးလည်း ဖြစ်ပါတယ်။ သူစီရင်တဲ့ အမှုတွေကို မကျေနပ်လို့ ဆန္ဒပြသူ၊ ကန့်ကွက်သူတွေ ရှိနေပေမဲ့ အဲဒီ တရားသူကြီးကို စုံစမ်းစစ်ဆေး အရေးယူ ဆောင်ရွက်တာမျိုး မရှိပါဘူး။

အဆင့်ဆင့်ကာကွယ်

လွှတ်တော်ကိုရောက်လာတဲ့ တိုင်ကြားစာရဲ့ ရာခိုင်နှုန်း ၉၀ ဟာ တရားသူကြီးတွေရဲ့ အကျင့်ပျက် ခြစားမှုကို တိုင်တန်းထားတဲ့ စာတွေပါ။ အခြားသော ဥပဒေ၀န်ထမ်း၊ ရဲတွေကို တိုင်ထားတဲ့ စာတွေလည်း ပါပါတယ်။

ဒါပေမဲ့ ထိထိရောက်ရောက် အရေးယူတာ မရှိသေးပါဘူး။ ဖြစ်စဉ်တွေကို ကြည့်လိုက်ရင်လည်း မြို့နယ်တရားရုံးကိစ္စကို ခရိုင်ကကာကွယ်၊ ခရိုင်ကို တိုင်းကကာကွယ်၊ ပြည်နယ်ကကာကွယ်၊ ပြည်နယ်ကို တရားလွှတ်တော်ချုပ်ကကာကွယ် စတဲ့အဆင့်ဆင့် ကာကွယ်တဲ့ပုံစံ ဖြစ်နေပါတယ်။ ဒါတွေကို ကြည့်ခြင်းအားဖြင့် အကျင့်ပျက်ခြစား တရားသူကြီးတွေကို အရေးယူနိုင်တဲ့ဥပဒေ မရှိဘူးလားလို့ မေးစရာ ဖြစ်လာပါတယ်။

တစ်ဖက်မှာတော့ ဒါကို အခွင့်ကောင်းယူပြီး စားမြဲ၊ နေမြဲဖြစ်နေတဲ့ အကျင့်ပျက် တရားသူကြီးတွေ အားကောင်းနေတုန်းပါ။ သူတို့ရဲ့ ငွေများတရားနိုင် စီရင်မှုတွေက နေ့စဉ်နဲ့အမျှ ရှိနေပါတယ်။

ပေါင်မုန့်မရှိရင် ကိတ်မုန့်စား

တရားရေးမဏ္ဍိုင်က ယိုင်နဲ့မြဲ ယိုင်နဲ့လျက်၊ ပြိုကျမြဲ ပြိုကျလျက် ရှိနေတုန်းပါ။ အရေးယူ ဆောင်ရွက်မှု ရှိနေတယ်ဆိုရင်တောင် ဒါဟာ ဆင်ပါးစပ်ထဲ နှမ်းပက်သလို အပြအဆင့်ပဲ ရှိနေပါတယ်။ ထိရောက်မှု မရှိပါဘူး။

တရားဥပဒေစိုးမိုးရေး ကိစ္စကလည်း နေရာအနှံ့မှာ အားပျော့နေတုန်းပါပဲ။ တရားမှုတွေက နေ့စဉ်ရက်ဆက် ပေါ်နေပါတယ်။ လယ်သိမ်းမြေသိမ်း ကိစ္စတွေ ဖြစ်နေချိန်မှာ ကျူးကျော်တွေကို အင်အားသုံးဖယ်ရှားမှုတွေ လုပ်နေပါတယ်။

ကျူးကျော်တွေထဲက အများစုက အခွင့်အလမ်းရလို ရငြားကျူးကျော် ဖြစ်လာကြတာ မဟုတ်ပါဘူး။ မိသားစုဝင်တိုင်း အလုပ်လုပ်တာတောင် သူတို့ရတဲ့ ၀င်ငွေက မြေငှား၊ အိမ်ငှားဖို့ ငွေမရှိလို့ ကျူးကျော်ဖြစ်လာကြတာပါ။ ဒါကို ဖြေရှင်းတဲ့အခါ မူလရင်းမြစ် ၀င်ငွေနည်းပါးမှုကို မဖြေရှင်းပေးနိုင်ဘဲ အာဏာရှင်ဆန်ဆန် ဖြေရှင်းနေကြတာဟာ ပြဿနာကို ပိုပြီးကြီးထွား စေပါတယ်။

ကျူးကျော်တွေကို အင်အားသုံး ဖယ်ရှားရာမှာ အာဏာပိုင်တချို့ရဲ့ ပြောကြားချက်တွေက လူသားချင်းစာနာစိတ် ပျောက်ဆုံးနေပါတယ်။ ‘ပေါင်မုန့်မရှိရင် ကိတ်မုန့်စားပါလား’ ဆိုတဲ့ စိတ်နေစိတ်ထားတွေနဲ့ ကိုင်တွယ်နေကြတာပါ။ အကျိုးဆက်က မြို့ပြလမ်းမတွေပေါ်မှာ အိမ်ခြေယာမဲ့တွေ များလာတာပါပဲ။ ပင်လယ်ထဲသွားရင်း ရေငတ်သလို မြေယာကျယ်ပြောတဲ့ မြန်မာနိုင်ငံမှာ လူများစု အခြေခံလူတန်းစားတွေဟာ မြေမဲ့၊ ယာမဲ့၊ စားစရာနဲ့ ကျန်းမာရေးအတွက် မဆိုထားနဲ့ နေစရာအိမ်အတွက်တင် ၀င်ငွေမလောက်ငမှုတွေ ဖြစ်နေပါပြီ။ လက်ချိုးရေလို့ရတဲ့ လူတစ်စုနဲ့ အာဏာကို ဖက်တွယ်ထားသူ လူတစ်စုက ဆယ်သက်စားမကုန်တဲ့ ပိုင်ဆိုင်မှုတွေ ရထားပါတယ်။ လက်ရှိနိုင်ငံရေးသမားတွေကလည်း အခြေခံလူတန်းစားတွေ လတ်တလော ရင်ဆိုင်နေရတဲ့ ပြဿနာတွေကို မျက်ကွယ်ပြုထားပြီး သူတို့ လိုလားချက်တွေကိုသာ နေ့စဉ်ရက်ဆက် တောင်းဆိုနေကြသလို ဖြစ်နေပါတယ်။

စိုးရိမ်ဖွယ် အနာဂတ်

ဆရာလူထုစိန်ဝင်းကတော့ ရှက်ရမှန်းကို မသိနိုင်လောက်အောင် ဖြစ်နေသူတွေ ရှိစမြဲ၊ ရှက်စရာလို့ မသိနိုင်သူတွေ သဘောပေါက်အောင် ပြောဖို့မလွယ်ဘူးလို့ ဆိုပါတယ်။

ဒီထက်ပိုဆိုးတာက အနာဂတ်အတွက် စိုးရိမ်လာရတဲ့အချက် ဖြစ်ပါတယ်။ အာဏာကို ဖက်တွယ်ထားလိုသူတွေနဲ့ လူတစ်စုရဲ့ ‘ရှက်စိတ်’ ကင်းမဲ့မှုတွေဟာ အုပ်ချုပ်ခံ လူတန်းစား သာမန်ပြည်သူတွေအပေါ် သက်ရောက်မှု ရှိပါတယ်။

မြန်မာစကားပုံ ကြိုက်မရှက်၊ ငိုက်မရှက်၊ ငတ်မရှက်ကို ဆန့်တွေးတဲ့အခါ ကြောက်တဲ့အခါ လူဟာ မရှက်တော့ဘူး။ လိုချင်လွန်းတဲ့အခါ လူဟာ မရှက်တော့ဘူး။ အကြောက်တရားနဲ့ လောဘက ‘ရှက်စိတ်’ ကို သတ်ပစ်တယ်။ အသိတရားကို သတ်ပစ်တယ်။ အကောင်းအမြတ် တရားတွေကို သတ်ပစ်တယ်လို့ ဆရာက ဆိုပါတယ်။

အာဏာကို ဖက်တွယ်လိုသူတွေနဲ့ လူတစ်စု သူတို့ရဲ့ လောဘ၊ လိုချင်မှုတွေကြောင့် ‘ရှက်စိတ်’ ကို ဘေးဖယ်ထားလိုက်ပါပြီ။ သူတို့ရဲ့ ရှက်စိတ်ကင်းမဲ့မှုနဲ့ အဓမ္မ နိုင်ထက်စီးနင်း ပြုမှုတွေကြောင့် ပြည်သူလူထုရဲ့ ဘ၀နေထိုင်မှုတွေက မွန်းကျပ်မှုထဲ နစ်ဝင်နေပါပြီ။ ၀င်ငွေ မလုံလောက်မှုတွေကတစ်ဆင့် ‘ငတ်ခြင်း’ နဲ့ လုံးထွေးလာရတဲ့အခါ ပြည်သူတွေရဲ့ အနာဂတ်ဟာ ပိုဆိုးရွားတဲ့ အခြေအနေကို ဦးတည်သွားတော့မှာ ဖြစ်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်အတွင်းမှ မြင်ကွင်းတစ်ခု (ဓာတ်ပုံ-ကြည်နိုင်)

Eleven Media Group
ဒီကနေ့ မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတာတွေကို တွေးမိတိုင်း မရှိတော့ပြီဖြစ်တဲ့ ဆရာလူထုစိန်ဝင်းကို သတိရမိပါတယ်။ ဆရာသာရှိနေရင် ဘယ်လိုပြောမလဲ မှန်းဆကြည့်မိတယ်။ ပြဿနာရပ်တိုင်းကို မေးတဲ့အချိန်တိုင်း ဒိုးခနဲ၊ ဒေါက်ခနဲ ပြန်ဖြေတတ်တဲ့ ဆရာမရှိတော့တာဟာ အလွန်နှမြောစရာ ကောင်းပါတယ်။

တစ်စထက်တစ်စ ပိုလို့ဝေး

ဒီမိုကရေစီဟာ နောက်ဆုံးပန်းတိုင် မဟုတ်ဘူးလို့ ဆရာက အမြဲပြောခဲ့တယ်။ အခုချိန်က နောက်ဆုံးပန်းတိုင် မဟုတ်သေးတဲ့ ဒီမိုကရေစီကို မရောက်သေးပါဘူး။ စပ်ကူးမပ်ကူး
ကာလပဲ ရှိပါသေးတယ်။ ဒီစပ်ကူးမပ်ကူး ကာလမှာပင် အမြင်မတင့်တာတွေ၊ ကမောက်ကမတွေက ဒုနဲ့ဒေး ဖြစ်နေပါပြီ။ အုပ်ချုပ်သူ လူတစ်စုနဲ့ အုပ်ချုပ်ခံ ပြည်သူတွေကြား တစ်စထက်တစ်စ ပိုလို့ဝေးနေပါတယ်။

0 comments:

Post a Comment