Monday, February 17, 2014

ဒုချီးရားတန်းကျေးရွာ၌ ဖြစ်ပွားခဲ့သည့် ကိစ္စရပ်နှင့်စပ်လျဉ်း၍ ဖြစ်ရပ်မှန်ပေါ်ပေါက်ရေး ရခိုင်ပြည်နယ်၌ စုံစမ်းစစ်ဆေးလျက်ရှိ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံး၏ ၂ဝ၁၄ ခုနှစ် ဖေဖော်ဝါရီ ၆ ရက် ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၁၆/၂ဝ၁၄)ဖြင့် ရခိုင်ပြည်နယ် မောင်တောမြို့နယ် ဒုချီးရားတန်း ကျေးရွာနှင့် ဒုချီးရားတန်း (အနောက်)ကျေးရွာတို့တွင် ယခုနှစ် ဇန်နဝါရီ ၁၃ရက်က ဖြစ်ပွားခဲ့သည့်ကိစ္စရပ်နှင့် ဇန်နဝါရီ ၂၈ ရက် တွင်ဖြစ်ပွားခဲ့သောကိစ္စရပ်တို့နှင့် စပ်လျဉ်း၍ ဖြစ်စဉ်ဖြစ်ရပ်အမှန် ပေါ်ပေါက်ရေး စုံစမ်းစစ်ဆေးရန်ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့သည်။

ဥက္ကဋ္ဌဒေါက်တာသာလှရွှေ (မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဋ္ဌ)နှင့် အတွင်းရေးမှူးဒေါက်တာကျော်ရင်လှိုင်တို့ဦးဆောင်သောစုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့သည် အဆိုပါဖြစ်စဉ်ကိစ္စရပ်နှင့် စပ်လျဉ်း၍ ဖြစ်စဉ်ဖြစ်ရပ်အမှန်ပေါ်ပေါက်ရေးအတွက် စုံစမ်းစစ် ဆေးရန် ယမန်နေ့မွန်းလွဲပိုင်းတွင် လေကြောင်းခရီးဖြင့် ထွက်ခွာခဲ့ကြ ရာ မွန်းလွဲ ၂ နာရီခွဲတွင် မောင်တောမြို့သို့ရောက်ရှိကြသည်။

ညနေပိုင်းတွင် စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့ဝင်များသည်မာင်တောခရိုင်အုပ်ချုပ်ရေးမှူးရုံး၌ ခရိုင်နှင့်မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများကိုတွေ့ဆုံ၍ ဖြစ်စဉ်နှင့်စပ်လျဉ်းသည့် သိရှိလိုသည် များကို မေးမြန်းဆွေးနွေးကြသည်။

ယနေ့နံနက်ပိုင်းတွင် စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့သည် ခရိုင် အုပ်ချုပ်ရေးမှူးရုံး၌ မောင်တောမြို့နှစ်ဖက်လူ့အဖွဲ့အစည်းမှ မြို့မိမြို့ဖ များအား သီးခြားစီတွေ့ဆုံ၍ သိရှိလိုသည် များကို မေးမြန်းခဲ့ကြသည်။

စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့သည် ယခုလ ၁၅ ရက်မှ ၂၁ ရက်အတွင်း ဒုချီးရားတန်း (အလယ်)၊ ဒုချီးရားတန်း (အနောက်) အပါအဝင် ဘင်္ဂါလီကျေးရွာများနှင့် ရခိုင် တိုင်းရင်းသားကျေးရွာများ၊ နိုင်ငံတကာသတင်းဌာနများနှင့် အဖွဲ့အစည်းအချို့က စွပ်စွဲဖော်ပြ ထားကြသည့် သံသယဖြစ်ဖွယ်နေရာများ၊ မောင်တောနှင့် စစ်တွေမြို့ တို့ရှိ ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့အစည်းများ၊ ပြည်တွင်းပြည်ပ လူမှုရေး အသင်းအဖွဲ့များနှင့်တွေ့ဆုံ၍ သိရှိလိုသည်များနှင့် အကြံပြု ချက်များကို ဆွေးနွေးမေးမြန်းသွားမည်ဖြစ်ကြောင်း သိရသည်။

စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့သည် အဆိုပါခရီးစဉ်အတွင်း ယခုနှစ် ဇန်နဝါရီ ၁၃ ရက်တွင် ဒုချီးရားတန်းကျေးရွာ၌ ခရေမြိုင် ရဲကင်းမှ ရဲတပ်ကြပ်ကြီးအောင်ကျော်သိန်းသေဆုံး ရသည့်ဖြစ်စဉ်နှင့် စပ်လျဉ်း၍ ဖြစ်ပွားရသည့်အကြောင်းရင်းနှင့် ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်မဟုတ်၊ ယခုနှစ် ဇန်နဝါရီ ၂၈ရက်တွင် ဒုချီးရား တန်း(အနောက်)ကျေးရွာ မီးလောင်မှုဖြစ် ပွားရသည့်အကြောင်းရင်းနှင့် မည်သူ့ပယောဂကြောင့် မီးလောင်ခြင်းဖြစ်ကြောင်း၊ ဒုချီးရားတန်း (အနောက်)ကျေးရွာ မီးလောင်သည့်ဖြစ်စဉ်နှင့်စပ်လျဉ်း၍ အခြေ အမြစ်မရှိသော မမှန်ကန်သည့် သတင်းထုတ်လွှင့်မှုနှင့် မည်သူတို့က ဆောင်ရွက်ကြောင်း၊ ဖြစ်စဉ်များကြောင့်
သေဆုံးဒဏ်ရာရရှိမှု၊ နေအိမ်ဥစ္စာပစ္စည်းများ ပျက်စီးဆုံးရှုံးမှုအခြေအနေ၊ ထပ်မံမဖြစ်ပွား စေရန် ကြိုတင်ကာကွယ်ဆောင်ရွက်သင့်သည့် အကြံပြုချက်များ စသည်ဖြင့် ဆောင်ရွက် သွားမည်ဖြစ်သည်။

စုံစမ်းစစ်ဆေးရေးကော်မရှင်တွင် ဥက္ကဋ္ဌဒေါက်တာသာလှရွှေ (မြန်မာနိုင်ငံကြက်ခြေနီ အသင်းဥက္ကဋ္ဌ)၊ အတွင်းရေးမှူးဒေါက်တာ ကျော်ရင်လှိုင်တို့နှင့်အတူ အဖွဲ့ဝင်များဖြစ်ကြသည့် ဒေါက်တာငွန် ကျုံးလျန် (နိုင်ငံတကာဥပဒေပညာရှင်)၊ ဒေါက်တာတင်သိန်းလွင် (ဒုတိယဥက္ကဋ္ဌ၊ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့)၊ ဦးတင်ဦး(အငြိမ်းစား သံအမတ်ကြီး)၊ ဟာဂျီဦးတင်မောင်ဝင်း (အလုပ် အမှုဆောင်အဖွဲ့ဝင်၊ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့)၊ ဦးဝင်းတည်(အလုပ်အမှုဆောင်အဖွဲ့ဝင်၊ ဘာသာပေါင်းစုံချစ်ကြည် ညီညွတ်ရေးအဖွဲ့)၊ ဦးသာပွင့် (ရပ်မိရပ်ဖ၊ စစ်တွေမြို့၊ ရခိုင်ပြည်နယ်) နှင့် ဦးလှသိန်း(ခ) မော်ဂျီဟူလာ(ရပ်မိရပ်ဖ၊မောင်တောမြို့၊ ရခိုင် ပြည်နယ်) တို့လိုက်ပါသွားကြပြီး စုံစမ်းစစ်ဆေးရေးလုပ်ငန်းများကို ကူညီရန် မှုခင်းဆေးပညာနှင့် တရားဥပဒေဆိုင်ရာ ကျွမ်းကျင်သူများ (Forensic Expents )လည်းလိုက်ပါခဲ့ကြကြောင်းသိရသည်။

The Union Daily

0 comments:

Post a Comment