
နိုင်ငံတစ်ခုတွင် ပြဋ္ဌာန်းထားသည့် ဥပဒေဆိုသည်မှာ ထိုနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသူ မည်သည့် အဆင့်တွင်မဆို ရှိနေကြသည့် နိုင်ငံသားအားလုံးကို သတ်မှတ်ထားသော စည်းမျဉ်း၊ စည်းကမ်း၊ ဥပဒေများနှင့်အညီ ယင်းဥပဒေဘောင်အတွင်း နေထိုင်ကြရန်နှင့် ထိုဥပဒေက နိုင်ငံသားများ အားလုံးကို အကာအကွယ်ပေးရန် ရည်ရွယ်သည်။
ဥပဒေနှင့်မညီ ပြုမူ၊ နေထိုင်ဆောင်ရွက်သူ နိုင်ငံသားများ ရှိလာပါက ဥပဒေအရ တာဝန် အပ်နှင်းထားသော အုပ်ချုပ်ရေး၊ လုံခြုံရေး တာဝန်ရှိသူများက ဥပဒေက ခွင့်ပြုထားသည့် လုပ်ထုံး၊ လုပ်နည်းများအရ ဥပဒေအတိုင်း အဆင့်ဆင့် ဆောင်ရွက်ကာ ဥပဒေနှင့်အညီ တရားစီရင် ပြစ်ဒဏ်ချ အရေးယူရသည်။ ထိုအခါ အပြစ်ရှိသည်ဟု အစွပ်အစွဲခံရ သူတွင်လည်း ဥပဒေက ပေးအပ်ထားသော နိုင်ငံသား အခွင့်အရေးများအတိုင်း ခုခံချေပခွင့်၊ ခံစားခွင့်များကို ဥပဒေနှင့်အညီ ဆောင်ရွက်၊ တောင်းခံနိုင်သည်။
ဥပဒေတွင် နိုင်ငံတော် လျှို့ဝှက်ချက် ဖောက်ဖျက်မှုကဲ့သို့ ပြစ်မှုမျိုးမှစကာ တစ်စုံတစ်ယောက်၊ အဖွဲ့အစည်းတစ်ခုကို နှုတ်အားဖြင့် ရင့်သီးကြမ်းတမ်းစွာ ကြိမ်းမောင်း ဆဲဆိုခြင်းနှင့် ခေတ္တအစားထိုး နေစရာ မရှိသေးသည့် အိမ်ထောင်စုများကို ကြိုတင် အသိပေးခြင်းမရှိဘဲ ကျူးကျော်အဖြစ် ရုတ်တရက် အကြမ်းနည်းသုံး နှင်ထုတ်ခြင်းကဲ့သို့ ကိစ္စများအထိ ပြဋ္ဌာန်းထားသည့် တည်ဆဲ ဥပဒေများအတိုင်း စစ်ဆေး အရေးယူရမည် ဖြစ်သည်။
နိုင်ငံသားများကလည်း ဖွဲ့စည်းပုံ အခြေခံဥပဒေပါ နိုင်ငံသားများ၏ ရပိုင်ခွင့်၊ တာဝန်တို့ကို ကွဲပြားစွာ သိရှိနားလည်စေရန် ကြိုးစားထားရမည် ဖြစ်ပြီး မိမိတို့ အခွင့်အရေးကို ချိုးဖောက်မှု၊ မိမိတို့အပေါ် စော်ကားဖိနှိပ်မှု၊ အစိုးရ တာဝန်ရှိသူများက ဖြစ်စေ၊ နိုင်ငံရေးပါတီများက ဖြစ်စေ၊ စီးပွားရေး လုပ်ငန်းတစ်ခုက ဖြစ်စေ ဥပဒေနှင့်အညီ ပြုမူဆောင်ရွက်ခြင်း မရှိမှုတို့ကို လူမှုရေးအရသော် လည်းကောင်း၊ ဥပဒေကြောင်းအရသော် လည်းကောင်း ပြန်လှန် တုံ့ပြန်ခွင့်ရှိသည်။
ဥပဒေ ဆိုသည်မှာ အုပ်ချုပ်ရေး တာဝန်ရှိသူများက အအုပ်ချုပ်ခံ ပြည်သူလူထုကို ထိန်းကွပ်ရန် သက်သက် အသုံးပြုရသည့် အုပ်ချုပ်ရေးသုံး ကိရိယာပစ္စည်း တစ်ခုမဟုတ်ဘဲ အအုပ်ချုပ်ခံ ပြည်သူများ၏ ဥပဒေနှင့်မညီ ပြုမူဆောင်ရွက်မှု များကိုလည်း အုပ်ချုပ်သူ အစိုးရများက ဥပဒေကြောင်းအရ ပြန်လှန် ထိန်းကွပ် တုံ့ပြန်ရမည့် အခွင့်အရေး အညီအမျှ ပေးထားသော စည်းမျဉ်း စည်းကမ်းများ ဖြစ်သည်။
ဤနေရာတွင် များစွာ အရေးကြီးလာသည်မှာ လွတ်လပ်ပြီး တရားမျှတမှုရှိရှိ ဥပဒေအတိုင်း စီရင်ဆုံးဖြတ်ရသည့် တရားရေးမဏ္ဍိုင်၏ အခန်းကဏ္ဍပင် ဖြစ်သည်။ ဥပဒေပြု လွှတ်တော်အတွင်းမှ လွှတ်တော် ကိုယ်စားလှယ် တစ်ဦးဖြစ်စေ၊ အုပ်ချုပ်ရေးနယ်ပယ်မှ အစိုးရအဖွဲ့ ဝန်ကြီးတစ်ဦးဖြစ်စေ၊ ပြည်သူတစ်ဦးဖြစ်စေ ဥပဒေ ဖောက်ဖျက်ကျုးလွန်မှု တစ်စုံတစ်ရာ ရှိလာပါက မည်သူ့ကိုမဆို ကျောသား၊ ရင်သားမခွဲခြားဘဲ မည်သူ တစ်ဦးတစ်ယောက်၊ အဖွဲ့အစည်းတစ်ခု၏ သြဇာလွှမ်းမိုးမှု၊ စွက်ဖက်မှုမျှ မရှိဘဲ ဥပဒေအတိုင်း စစ်ဆေး၊ ကြားနာ၊ စီရင်ဆုံးဖြတ်ရမည် ဖြစ်သည်။
ယနေ့ မြန်မာနိုင်ငံတွင်လည်း ဒီမိုကရေစီ နိုင်ငံတစ်ခုနှင့်အညီ၊ မပြင်ဆင်ရသေးသော ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် အညီ အာဏာသုံးရပ်ကို အမှန်တကယ် တစ်သီးတခြားစီ ကျင့်သုံးခြင်းရှိ မရှိ၊ အုပ်ချုပ်ရေးနှင့် တပ်မတော်တို့က တရားစီရင်ရေးကို စွက်ဖက်မှု ရှိ၊ မရှိ၊ တရားရေးမဏ္ဍိုင်အပေါ် ပြည်သူလူထုက အမှန်တကယ် အားကိုးယုံကြည်ခြင်းရှိ မရှိစသည့် မေးခွန်းတို့ကို သက်ဆိုင်ရာ အာဏာ အသီးသီးအလိုက် တာဝန်ရှိသူများ ဖြေဆိုကြည့်ကြရန် လိုသည်။
ထွက်ပေါ်လာမည့် ထိုအဖြေတို့သည် လက်ရှိ အကောင်အထည်ဖော် ဆောင်ရွက်နေသော ဒီမိုကရေစီ အသွင်ကူးပြောင်းရေး မည်မျှ အချိန်ကြာမည်၊ တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးက အမှန်တကယ် စိတ်ချ ယုံကြည်အပ်သော ငြိမ်းချမ်းမှု တည်ဆောက်ရေး မည်မျှ ခိုင်မြဲမှုရှိသည်၊ ပြည်ထောင်စု တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး မည်သည့်အချိန်တွင် မိမိတို့ ကံကြမ္မာကို မိမိတို့ကိုယ်တိုင် ဖန်တီးစီမံခွင့်ရမည် စသည့် အချိန်ကာလတို့ကို အဆုံးအဖြတ် ပေးသွားမည် ဖြစ်သည်။
အယ်ဒီတာ (၉-၂-၂၀၁၄)
The Voice Weekly
0 comments:
Post a Comment