Friday, February 28, 2014

ဆယ်နှစ်ကျော် ရပ်ဆိုင်းခဲ့သည့် အခွန်ပြန်လည် ကောက်ခံမှုကြောင့် လုပ်ငန်းရှင်များ အကျပ်တွေ့

ဟင်္သာမြို့နယ် အခွန်ဦးစီးဌာနက ကျေးရွာ အုပ်ချုပ်ရေးမှူးများ၏ အကူအညီဖြင့် ဆယ်စုနှစ် တစ်ခုကျော်က ရပ်ဆိုင်းထားသည့် အခွန်ငွေများကို ပြန်လည် ကောက်ခံလျက် ရှိသောကြောင့် အသေးစား လုပ်ငန်းရှင်များအနေနှင့် အကျပ်အတည်းနှင့် ရင်ဆိုင်နေရကြောင်း အခွန်ထမ်းဆောင် ခဲ့ရသူများက တညီတညွတ်တည်း ပြောကြားသည်။

အသေးစား လုပ်ငန်းရှင်များမှာ တစ်နှစ်ဝန်းကျင် လုပ်ဆောင်ခဲ့သူများ၊ လပိုင်းမျှသာ လုပ်ကိုင်ခဲ့သူများရှိရာ လုပ်ငန်းစတင်ချိန်က ပေးဆောင်ရသည့် အခွန်ပေးဆောင်ပြီး နောက်ပိုင်း ထပ်မံ ကောက်ခံတော့ခြင်း မရှိဘဲ ဆယ်စုနှစ်ကျော်မှ အခွန်ထမ်း အမည်ပေါက်
ရှိသည်ဟုဆိုကာ ဖေဖော်ဝါရီလ နောက်ဆုံးပတ်က လာရောက် ကောက်ခံခြင်း ဖြစ်သည်ဟု ၎င်းတို့ကဆိုသည်။
“လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်က ထမင်းကြော်ဆိုင် ဖွင့်ဖူးတယ်။ အဲဒီတုန်းက အခွန်ရုံးကလူတွေ တစ်ကြိမ် လာကောက်တယ်။ ဆိုင်ပိတ်လိုက်တာပဲ ရှစ်နှစ် ကျော်နေပြီ။ အခုမှ အခွန်ပေးဆောင်ရမယ်လို့ အကြောင်းကြားစာ ရောက်လာတော့ အခက်တွေ့တာပေါ့ဟု” ဟင်္သာတမြို့နယ် ကျုံတွမ် ကျေးရွာအုပ်စု နတ်ချောင်း ကျေးရွာမှ ဦးစိုးတင့်က ပြောကြားသည်။

၂၀၀၃- ၂၀၀၄ ဘဏ္ဍာနှစ်မှ ၂၀၁၀-၂၀၁၁ခုနှစ်အတွက် အခွန်ငွေ စုစုပေါင်း ကျပ်တစ်သိန်း ရှစ်သောင်းကျော် ပေးဆောင်ရမည် ဖြစ်ရာ ယင်းသို့ အခွန်ကြွေး ကျန်ရှိသည်ကို ပေးဆောင်ခြင်း မရှိပါက အိမ်ကို ချိပ်ပိတ်သည်အထိ အရေးယူခံရမည် ဖြစ်ကြောင်း အခွန်ကောက်ခံသူများက ပြောဆို ခဲ့ကြောင်းလည်း ၎င်းကပြောဆိုသည်။

ယင်းသို့အခွန်ကြွေး ကျန်ကောက်ယူခြင်းမှာ ကျေးလက် ဒေသများမှ စီးပွားရေး လုပ်ငန်းရှင်အများစု နှစ်စဉ် အခွန်ပေးဆောင်ခြင်း မရှိသောကြောင့် စီမံချက်ဖြင့် ကောက်ယူခြင်း ဖြစ်ကြောင်း၊ ပေးဆောင်ရမည့် သူများအနက် အများစုမှာ ငါးပုံ ဟာလာဆန်စက်၊ စီအက်စ် (၂) အရက်ဆိုင် လုပ်ငန်းရှင်များ ဖြစ်ကြောင်း ဟင်္သာတ မြို့နယ် အခွန်ဦးစီးမှူး ဦးမင်းခေါင်က ပြောကြားသည်။

ဟင်္သာတ ခရိုင်တစ်ခုလုံး၏ ၂၀၁၃- ၂၀၁၄ ဘဏ္ဍာနှစ်အတွက် အခွန်ငွေ ကျပ် ၁၄၉၄ သန်း လျာထားချက်ရှိရာ လျာထားချက်ထက် သန်းလေးရာကျော်ကို ကောက်ခံနိုင်ခဲ့သော်လည်း လုပ်ငန်းငယ်များက အခွန်ပေးဆောင်ခြင်း မရှိကြောင်း ၎င်းက ရှင်းပြသည်။

The Voice Weekly

0 comments:

Post a Comment