Friday, February 28, 2014

သိမ်းဆည်းခံ လယ်မြေများ ပြန်လည်ရရှိရေးအတွက် ဖွင့်လှစ်ထားသော သပိတ်စခန်း ဖြိုခွဲခံရမှု တောင်သူများ၏ တိုင်တန်းချက်ကို သဲကုန်းမြို့မရဲစခန်းက အမှုဖွင့်ပေးရန် ငြင်းပယ်



သိမ်းဆည်းခံ လယ်ယာမြေ ပြန်လည်ရရှိရန်အတွက် ဖွင့်လှစ်ထားသည့် သဲကုန်းသပိတ်စခန်းကို ဖေဖော်ဝါရီ ၁၄ ရက်က ဖြိုခွဲခံရမှုတွင် ဒဏ်ရာရရှိခဲ့မှုများနှင့် နစ်နာခဲ့မှုများအတွက် သပိတ်စခန်းဖွင့်တောင်သူများက တိုင်တန်းမှုကို သဲကုန်းမြို့မရဲစခန်း က အမှုဖွင့်ပေးရန် ငြင်းပယ်လိုက်ကြောင်း သိရသည်။

သပိတ်စခန်းကို ဦးဆောင်သူ လေးဦးကိုလည်း ပုဒ်မ ၁၈ ဖြင့် တရားစွဲထားပြီး ပထမဆုံး တရားရုံးချိန်းဖြစ်သည့် ဖေဖော် ဝါရီ ၂၆ ရက်တွင် တရားရုံးတွင် ကိုယ်ပိုင်ခံဝန်
အာမခံပြုလုပ်ပြီးနောက် သဲကုန်းမြို့မရဲစခန်းသို့ တောင်သူများ တိုင်တန်းစဉ် ယခုလို ငြင်းပယ်ခံရခြင်းဖြစ်သည်။

“သပိတ်စခန်းကို မတရားအကြမ်းဖက်ပြီး ဖြိုခွဲခဲ့တုန်းက ရှိတဲ့သူတွေ ဒဏ်ရာရခဲ့တာတွေ နစ်နာခဲ့တာတွေအတွက် တရားစွဲဖို့ ကျွန်တော်တို့ ကြိုးစားတယ်။ တရားရုံးမှာ ဦးတိုက်လျှောက်ဖို့လုပ်တော့ ရဲစခန်းမှာ အရင်အမှုဖွင့်ဖို့ ပြောတယ်။ ရဲတွေဘက်က ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ၁၂၇၊ ၁၂၈ နဲ့ ငြင်းပြီး တိုင်တန်းတာကို အမှုအဖြစ် လက်မခံခဲ့ဘူး။ သမ္မတဆီက ခွင့်ပြုမိန့်ရဖို့အတွက် ဥပဒေနားလည်တဲ့သူတွေနဲ့ ဆက်တိုင်ပင်ပြီး တရားစွဲနိုင်အောင် လုပ်သွားမယ်”ဟု တောင်သူလယ်သမားအရေး လှုပ်ရှားသူ ဦးသန့်ဇင်ထက်က ပြောကြားသည်။

သဲကုန်းမြို့မ ရဲစခန်းသို့ တောင်သူများ လာရောက်တိုင်တန်းစဉ် စခန်းမှူးက“တိုင်ချက်ပေါ် မူတည်ပြီး စိစစ်သွားမယ်။ ရဲအရေးပိုင်ရင် အမှုဖွင့်ပေးမယ်။ ရဲအရေးမပိုင်ရင်တော့ တရားရုံးဦးတိုက်လျှောက်ရမယ်”ဟု ပြောကြားသည်။

ပုဒ်မ ၁၂၇ (၁)အရ မည်သည့် တရားသူကြီး သို့မဟုတ် ရဲတပ်ဖွဲ့စခန်းမှူး သို့ မဟုတ် ဒုရဲအုပ်အောက် အဆင့်မနိမ့်သော ရဲအရာရှိကမဆို တရားဥပဒေနှင့်ဆန့်ကျင်သည့် အစုအဝေး သို့မဟုတ် အများပြည်သူတို့ ငြိမ်းချမ်းခြင်းကို နှောင့်ယှက်ဖျက်စီးစေရန်ရှိသော လူငါးဦးဖြစ်စေ၊ ၎င်းထက် ပို၍ဖြစ်စေ စုဝေးသည့် အစုအဝေးကို လူစုခွဲရန် အမိန့်ပေးနိုင်ကာ ပုဒ်မ ၁၂၈ သည် အမိန့်ပေးသော်လည်း လူစုခွဲခြင်းမပြုလျှင် ထိုအစုအဝေးကို လူစုခွဲအောင် အင်အားသုံး၍ ပြုလုပ်နိုင်ပြီး တရားဥပဒေနှင့်အညီ ပြစ်ဒဏ်စီရင်နိုင်ရန်အတွက် ဖမ်းဆီးချုပ်နှောင်နိုင်သည်ဟု ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေတွင် ဖော်ပြထားသည်။

သဲကုန်းမြို့နယ်အတွင်းရှိ ကျေးရွာ ခြောက်ရွာအတွင်းမှ သိမ်းဆည်းထားသော လယ်မြေဧကများကို ဖြေရှင်းပေးရန်၊ အင်းမရေထိန်းတမံကြောင့် ဖြစ်ပေါ်လာသည့် လယ်ယာမြေပြဿနာများကို ဖြေရှင်းပေးရန်နှင့် လယ်ယာမြေလုပ်ပိုင်ခွင့် ပြန်လည်ရရှိရန်အတွက် ဖေဖော်ဝါရီ ၁၁ ရက်က တောင်သူ ၃ဝ ခန့်က သပိတ်စခန်းဖွင့် တောင်းဆိုခဲ့ကြခြင်းဖြစ်ကာ ဖေဖော်ဝါရီ ၁၄ ရက်က ရဲတပ်ဖွဲ့ဝင်များ၊ အရပ်ဝတ်အမျိုးသား၊ အမျိုးသမီးများက ပါဝင်၍ သပိတ်စခန်းကို ဖျက်ခဲ့ခြင်းဖြစ်ပြီး ရဲတပ်ဖွဲ့ဝင်များဘက်မှ လုံခြုံရေးအရ ဖျက်သိမ်းရခြင်းဖြစ်ကြောင်း ပြန်လည်ဖြေရှင်းထားသည်။

ပြည်သူ့ဝန်ထမ်းတစ်ဦး တာဝန်ထမ်းဆောင်စဉ် ပြစ်မှုတစ်စုံတစ်ရာဖြင့် တရားစွဲမည်ဆိုပါက နိုင်ငံတော်သမ္မတထံ ကြိုတင်ခွင့်ပြုမိန့်ရယူရန် ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေပုဒ်မ (၁၉၇) (၁)တွင် ပြဌာန်းထားကြောင်း တရားလွှတ်တော်ရှေ့နေတစ်ဦးက ပြောကြားသည်။
-
ပြည်ခရိုင် သဲကုန်းမြို့နယ်အတွင်းရှိ လယ်ယာမြေအသိမ်းခံ လယ်သမားများ ဖေဖော်ဝါရီ ၁၁ ရက်က ဆန္ဒဖော်ထုတ်နေကြစဉ်

Eleven Media Group

0 comments:

Post a Comment