Tuesday, February 11, 2014

အခြေခံဥပဒေပြင်ဆင်ရေး ဟင်္သာတမြို့တွင် ဆန္ဒပြ.


၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် လူအင်အား နှစ်ရာခန့်က ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့တွင် ယနေ့နံနက်က ဆန္ဒထုတ်ဖော်ခဲ့ကြပြီး အခြေခံဥပဒေနှင့်ပတ်သက်၍ ဟင်္သာတခရိုင်အတွင်း ပထမဆုံးအကြိမ် ဆန္ဒ ထုတ်ဖော်ခြင်းဖြစ်ကြောင်း သိရသည်။

“၂၀၀၈ဖွဲ့စည်းပုံကို ပြည်သူအများစုက မလိုလားကြဘူး၊ ပြည်သူ့အသံလွှတ်တော်အသံ ဆိုသလို လွှတ်တော်က သိစေချင်တယ်၊ ပုဒ်မ ၁၈ဆိုရင်လည်း လွှတ်လပ်စွာ ဆန္ဒထုတ်ဖော်ဖို့ အတွက်ကန့်သတ်ချက်တစ်ခု ဖြစ်နေတယ်၊ ပြည်သူတွေ နိုင်ငံသား အခွင့်အရေး အပြည့်အရရှိရေးအတွက် အခုလို ဆန္ဒထုတ်ဖော်တာပါ”ဟု ဟင်္သာတမြို့ခံ ဦးစိန်သောင်းက ပြောသည်။

ဆန္ဒထုတ်ဖော်သူများသည် ဟင်္သာတမြို့ ရေကြည်ကျောင်းလမ်းမှ ဟင်္သာတခရိုင် အုပ်ချုပ်ရေးမှူးရုံးအထိ စီတန်းလှည့်လည်ခဲ့ကြပြီး ၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး၊ ပုဒ်မ၁၈ဖျက်သိမ်းရေး၊ နိုင်ငံရေးအခွင့်အရေး အပြည့်အ၀ရရှိရေး စသည်တို့ကို ကြွေးကြော်ခဲ့သည်။
ဟင်္သာတမြို့ခံတစ်ဦးဖြစ်သည့် တရားလွှတ်တော်ရှေ့နေ ဦးထိန်ဝင်းက ဒီမိုကရေစီ စံချိန်စံညွှန်းများ မပြည့်ဝဘဲ နိုင်ငံသားများ တန်းတူညီမျှမှုအတွက် အဟန့်အတား အများအပြား ပါဝင်နေသည့်အတွက် ၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေကိုပြင်ဆင်စေလိုဖြင်းဖြစ်ကြောင်း ပြောသည်။

“မပြင်နိုင်ရင် တိုင်းရင်းသားတွေနဲ့ ယုံကြည်မှုမတည်ဆောက်နိုင်ဘူး၊ ယုံကြည်မှု မတည်ဆောက်နိုင်ရင် ငြိမ်းချမ်းရေး မရနိုင်ဘူး၊ ငြိမ်းချမ်းရေးမရရင် အမျိုးသားပြန် လည်သင့်မြတ်ရေး မရနိုင်ဘူး၊ ဒါဆိုရင် စစ်မှန်တဲ့ ပြည်ထောင်စု မဖြစ်နိုင်ဘူး၊ တိုင်းပြည် မတိုးတတ်နိုင်ဘူး၊ ပြည်သူတွေလည်း ဆင်းရဲတွင်းက ရုန်းထွက်နိုင်မှာ မဟုတ်ဘူး ဟု”ဦးထိန်ဝင်းက ပြောသည်။
သက်ဆိုင်ရာက ခွင့်ပြုချက်ရရှိသည့် ယခုဆန္ဒထုတ်ဖော်မှုသည် နံနက် ၉နာရီတွင်စတင်ပြီး နေ့လည် ၁၁နာရီတွင် ပြီးဆုံးခဲ့သည်။

ဓာတ်ပုံ - ထက်နောင်နောင်
မြန်မာ့ခေတ်

0 comments:

Post a Comment