Wednesday, February 5, 2014

ဆိုင်ကယ်တွင် ဘီးအပိုတပ်ကာ ဆိုက်တွဲအဖြစ် အသုံးပြုခြင်း အရေးယူနိုင်ဟုဆို

မန္တလေးမြို့တွင် မော်တော်ဆိုင်ကယ်ကို ဘီးတစ်လုံးအပိုတပ်ဆင်ကာ ဆိုက်တွဲအဖြစ် အသုံးပြုနေခြင်း သည် တရားမ၀င်ဟု မန္တလေးတိုင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန တိုင်းဦးစီးမှူး ဦးသိန်းဦး က ပြောသည်။

“ကညနမှာ မှတ်ပုံလာတင်တုန်းက မော်တော်ဆိုင်ကယ်အနေနဲ့ မှတ်ပုံတင်ထားတာပါ။ ဘေးတွဲအနေနဲ့ မှတ်ပုံတင်ထားတာလည်း မရှိပါဘူး။ သူ့သဘောနဲ့သူ တပ်ဆင်ထားတာ ဖြစ်တဲ့အတွက် တရားမ၀င်ပါ ဘူး၊ အရေးယူလို့ရပါတယ်”ဟု ပြောသည်။

စက်ရုံ၊ အလုပ်ရုံများမှ တပ်ဆင်ရောင်းချသော သုံးဘီးဆိုင်ကယ်များမဟုတ်ဘဲ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှာ မော်တော်ဆိုင်ကယ်အဖြစ် မှတ်ပုံတင်ထားပြီး ထိုယာဉ်ကို မိမိသဘောဖြင့် ဘီး တစ်လုံးအပိုတပ်ဆင်ကာ ဘေးတွဲများအဖြစ် ကုန်ပစ္စည်းများ၊ လူများ တင်ဆောင်နေသော မော်တော် ဆိုင်ကယ်ဆိုက်တွဲများကို မန္တလေးမြို့ပြင်တွင်သာမက မြို့တွင်းမှာပါ အသုံးပြုမှုများလာသည်ကို ဦးသိန်း ဦးက ရည်ညွှန်းပြောဆိုခြင်းဖြစ်သည်။

“ညဘက်ဆို ဘေးမှာ ဆိုက်တွဲကြီးပါတာကို မမြင်ရဘူး။ အဲဒါကို စီးတဲ့သူတွေက ဆိုင်ကယ်လိုသဘော ထားပြီး စီးနေကြတာ၊ တင်လိုက်ရင်လည်း မနိုင်ဝန်တွေ တင်ထားကြတော့ အရမ်းအန္တရာယ်များတယ်” ဟု မန္တလေးမြို့ခံတစ်ဦးက ပြောသည်။

လုပ်ငန်းလိုင်စင်ရရှိထားသော စက်ရုံထုတ် သုံးဘီးဆိုင်ကယ်များ၊ တွန်းလှည်းများ ရှိသော်လည်း တန်ဖိုး စရိတ်နည်းသော မော်တော်ဆိုင်ကယ်ကို ဆိုက်တွဲတပ်ဆင်ကာ အသုံးပြုခြင်းက ပိုမိုအဆင်ပြေသဖြင့် မြို့ပြင်တင်သာမက မြို့တွင်းတွင်ပါ အသုံးပြုမှုများလာသဖြင့် ယာဉ်ထိန်းနှင့် ပူးပေါင်းကာ အရေးယူ ဆောင်ရွက်ရန် စီစဉ်သွားမည်ဟုလည်း ဦးသိန်းဦးက ပြောသည်။
Mizzima

0 comments:

Post a Comment