မြန်မာနိုင်ငံတွင် လာရောက်လုပ်ကိုင်မည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများအနေဖြင့် ပြည်တွင်း လုပ်ငန်းရှင်များနှင့် ပူးပေါင်း ဆောင်ရွက်ရန်အတွက် နိုင်ငံတော် အခွန်ဆောင်သည့် ကုမ္ပဏီ ကိုသာ ရွေးချယ်ပူးပေါင်းဆောင်ရွက် လိုကြောင်း အခွန်ဆိုင်ရာကမ္ဘာ့ထိပ်တန်းအဖွဲ့လေးဖွဲ့တွင် တစ်ဖွဲ့အပါအ၀င် ဖြစ်သော KPNG မှ အကြံပေးပညာရှင် ဦးဝင်းဖေမောင်က အခွန်နှင့် နိုင်ငံတော်တည်ဆောက်ရေး တွေ့ဆုံဆွေးနွေးပွဲတွင် ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။
ယင်းအပြင် နိုင်ငံခြားမှ ရင်းနှီးမြှုပ်နှံမည့် ကုမ္ပဏီများအနေဖြင့် ပူးပေါင်း လုပ်ကိုင်မည့် ကုမ္ပဏီ၏ လက်ရှိအခြေအနေခိုင်မာမှု တစ်ခုတည်း ကိုသာ မကြည့်ဘဲ နောက်ခံအကြောင်းကို ကနဦး စုံစမ်းလေ့လာကြောင်းနှင့် အဓိကအချက်အနေဖြင့် အခွန်ဆောင် မဆောင်ကို အလေးထား စုံစမ်းကြောင်း ရှင်းပြခဲ့သည်။
“နမူနာအနေနဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမယ့် ကုမ္ပဏီတစ်ခုက ပြည်တွင်းက လုပ်ငန်းတွေကို လေ့လာပါတယ်။ အဲဒီနိုင်ငံခြားကုမ္ပဏီနဲ့ လက်ရှိ မြန်မာနိုင်ငံက နာမည်ကြီးတောင့်တင်းတဲ့ လုပ်ငန်း တော်တော်များများက လုပ်ကိုင်ဖို့ ကမ်းလှမ်းခဲ့ကြပေမယ့် မထင်ရှားကုမ္ပဏီလေး တစ်ခုကိုသာ ရွေးချယ်ခဲ့ပါတယ်။ အကြောင်းကတော့ အဲဒီအင်အားတောင့်တင်းတဲ့ ကုမ္ပဏီတွေ က အခွန်ရှောင်လို့ပါ။ ဒါကိုကြည့်ခြင်းအားဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေဟာ နိုင်ငံတော်အခွန်မှန်ကန်စွာဆောင်မှုကို အလေးထားတယ်ဆိုတာပါ”ဟု ဦးဝင်းဖေမောင်က အဆိုပါ ဆွေးနွေးပွဲတွင် ပြောကြားသည်။
ထပ်မံ၍ ယင်းအကြံပေးအဖွဲ့ဝင်တစ်ဦးဖြစ်သူ နော်ဝေနိုင်ငံသား မစ္စတာ နီကိုလာ ကလည်း မြန်မာနိုင်ငံ၏အခွန်ဆောင်ရွက်မှုများ၊ လိုအပ်ချက်များနှင့် ပတ်သက်၍ “အခွန်မဆောင်တဲ့ ကုမ္ပဏီတွေ အနေနဲ့ သမာသမတ်ကျတဲ့ကုမ္ပဏီအဖြစ် ရပ်တည်ဖို့ ခဲယဉ်းပါတယ်။ နိုင်ငံတကာ မှာ ဆိုရင် အခွန်ရှောင်မှုကြောင့် ထောင်ဒဏ်အထိ ကျခံရပါတယ်။
နိုင်ငံခြားရင်းနှီးမြှုံပ်နှံမယ့် ကုမ္ပဏီတွေအနေနဲ့ ပူးပေါင်းလုပ်ကိုင်မယ့် ပြည်တွင်းကုမ္ပဏီတွေကို အဓိကဘာနဲ့အောင်မြင်လာတာလဲ။ အခွန်ဆောင်သလား။ ပြည်သူတွေအကျိုး အတွက် ဘာတွေဆောင်ရွက်ဖူးလဲ စတာတွေကို တိုက်ရိုက်စုံစမ်းသလို တစ်ဆင့်လည်း စုံစမ်းပါတယ်” ဟု ဆိုသည်။
Eleven Media Group
0 comments:
Post a Comment