ဒဂုံဆိပ်ကမ်းမြို့နယ်၊ ၇၄ ရပ်ကွက်၊ ကွင်းအမှတ်(၄၄၂)အတွင်းရှိ တောင်သူများနှင့် ကောင်းမြန်မာအောင်ကုမ္ပဏီတို့ အငြင်းပွားကာ အရှေ့ပိုင်းခရိုင်တရားရုံးတွင် အမှုရင် ဆိုင်နေရသောမြေများပေါ်တွင် ကုမ္ပဏီမှ လူအင်အား ၅၀ ခန့်ဖြင့် ခြံစည်းရိုးခတ်ပြီး တောင်သူ များနှင့် အချင်းများကာ တောင်သူများကို ဒဏ်ရာရရှိစေခဲ့သည့်အပြင် ဒဂုံဆိပ်ကမ်းရဲစခန်း၌ ပုဒ်မ ငါးခုတပ်၍ အမှုဖွင့်ခဲ့ပြီး ဒဏ်ရာရတောင်သူတို့ဘက်မှလည်း အပြန်အလှန် အမှုဖွင့်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကုမ္ပဏီသည် အငြင်းပွားမြေနေရာပေါ်၌ ၎င်းတို့ခြံစည်းရိုးခတ်သည်ကို တောင်သူ ဦးချစ်လှိုင်အပါအ၀င် တောင်သူ ရှစ်ဦးခန့်က ခြံစည်းရိုးတိုင်များကို ဖျက်ပစ်ခြင်း၊ ခြံစည်းရိုးခတ် သည့် အလုပ်သမားများကို နှောင့်ယှက်ပြီး “ခြံစည်းရိုး မစိုက်စေနဲ့ အနားကပ်လာရင်ချ”ဟု ဆိုကာ အော်ဟစ်ဆဲဆိုခြင်းများ ပြုလုပ်သည်ဟုဆိုကာ ကုမ္ပဏီစီအီးအို ဦးဆွေလင်းက တရားလိုပြုလုပ် တိုင်တန်းခြင်းဖြစ်ပြီး ဒဂုံဆိပ်ကမ်းရဲစခန်းမှ မမစ(ပ) ၄၉/၁၄ ပြစ်မှုပုဒ်မ ၄၄၇/၃၄၁/၂၉၄/ ၅၀၆/ ၁၁၄ ဖြင့် ဖေဖော်ဝါရီ ၁၃ ရက်တွင် အမှုဖွင့်ပေးခဲ့သည်။
ယင်းဖြစ်စဉ်တွင် အမျိုးသမီးတစ်ဦးအပါအ၀င် တောင်သူငါးဦးခန့်သည် ကုမ္ပဏီမှ ခေါ်ဆောင် လာသော အလုပ်သမားများ၏ ထုရိုက်မှုများကြောင့် ဦးခေါင်းပေါက်ပြဲဒဏ်ရာ ရရှိခဲ့ပြီး သင်္ဃန်းကျွန်းစံပြဆေးရုံတွင် တက်ရောက်ကုသခဲ့ရကာ တောင်သူများဘက်မှလည်း မကျေနပ် ၍ ဖေဖော် ၀ါရီ ၁၁ ရက်၌ ဒဂုံဆိပ်ကမ်းမြို့နယ်ရဲစခန်း၌ပင် အမှုဖွင့်ခဲ့ပြီး ရဲစခန်းကလည်း (ပ)၄၇/၁၄ ပြစ်မှုပုဒ်မ ၃၂၅/၃၃၇ ဖြင့် အမှုဖွင့်ပေးခဲ့သည်။
အဆိုပါ ကောင်းမြန်မာအောင်ကုမ္ပဏီသည် နိုင်ငံတော်သမ္မတရုံးက ဖွဲ့စည်းပေးထားသော အမျိုးသားစီးပွားရေးနှင့် လူမှုရေးအကြံပေးကောင်စီအဖွဲ့ဝင် စီဘီဘဏ်ဥက္ကဋ္ဌ ဦးခင်မောင်အေး ပိုင် ကုမ္ပဏီတစ်ခုဖြစ်ပြီး ကုမ္ပဏီ၏ ကုန်သေတ္တာလွင်ပြင် စီမံကိန်းပြုလုပ်မည့် မြေဧရိယာ ၅၀ ဧကကို အိုးအိမ်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနထံမှ ငှားရမ်းထားခြင်းဖြစ်ကာ မြေငှားခအဖြစ် သုံးလလျှင် ကျပ် ၅၄၅၅၀ သာ ပေးဆောင်ရကြောင်း အငြင်းပွားမြေနေရာတွင် စိုက်ထူ ထားသော ဗီနိုင်းတွင် ယင်းစာချုပ်ကို ဖော်ပြထားသည်။
“ကျွန်တော်တို့က အမှုရှုံးရင် ဖယ်ပေးသွားမှာပါ။ အခုခြံစည်းရိုးလာခတ်တာကလည်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြင့်ဆွေထံစာတင်ပြီး ဒုညွှန်ကြားရေးမှူးတစ်ယောက်ရဲ့ ခွင့်ပြုချက်နဲ့ လုပ်တာပါ။ သူတို့နဲ့ အမှုရင်ဆိုင်ရတာ ကြာနေတော့ ကျွန်တော်တို့လည်း အလုပ်ပျက်ပါတယ်”ဟု ကောင်းမြန်မာအောင် သင်္ဘော ကုမ္ပဏီ၏ စီအီးအို ဦးဆွေလင်းက ဖေဖော်ဝါရီ ၁၁ ရက်က ၎င်းတို့ ကုမ္ပဏီရုံးခန်းတွင် ပြု လုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
“သူတို့ဘက်ကတော့ ငွေကြေးအင်အားရော၊ လူအင်အားရော အကုန်ရှိတော့ မဟုတ်တာရော၊ ဟုတ် တာရော အကုန်လုပ်တာပေါ့ဗျာ။ ကျွန်တော်တို့ကတော့ အမှန်အတိုင်း ဥပဒေ လမ်းကြောင်း အတိုင်း ရင်ဆိုင်သွားပါမယ်။ အလုပ်သမားတွေ ထုရိုက်လို့ ဦးခေါင်းပေါက်ပြဲ သွားတဲ့ အမျိုးသမီးကတော့ ဒီနေ့ပဲ ဆေးရုံကဆင်းပါတယ်။ အမှုကတော့ ဘယ်နေ့တရား စွဲတင် မလဲ မသေချာသေးဘူး။ စစ်ချက်တွေတော့ ဒီနေ့(ဖေဖော်ဝါရီ ၁၅ ရက်) စစ်ဆေးပါ တယ်” ဟု ကုမ္ပဏီနှင့် အမှုရင်ဆိုင်နေရသော တောင်သူ ကိုအေးထွန်းက ပြောကြား သည်။
Eleven Media Group
0 comments:
Post a Comment