Monday, February 3, 2014

သတင်းထောက်များ ဖမ်းဆီးခံရခြင်းကို စာနယ်ဇင်းကောင်စီထံ တင်ပြမည်

ယူနတီသတင်းဂျာနယ်မှ သတင်းထောက်များ ဖမ်းဆီးခံရခြင်းကို စာနယ်ဇင်းကောင်စီထံ ဖေဖော်ဝါရီ ၃ ရက်တွင် စာဖြင့် တင်ပြ အကူအညီတောင်းခံသွားမည်ဖြစ်သည်ဟု ယူနတီဂျာနယ် တာဝန်ခံအယ်ဒီတာ ဦးမင်းထက်မြတ်က မဇိ္ဈမကို ပြောသည်။

ယင်းသို့တင်ပြပြီးနောက် သမ္မတနှင့် ပြည်ထောင်စုလွှတ်တော်ထံသို့ ဆက်လက် တင်ပြသွားမည်ဟု ၎င်း က ပြောသည်။

၎င်းက “ဖမ်းဝရမ်းလဲမရှိဘဲ လာခေါ်သွားတဲ့အချက်တွေကို စာနယ်ဇင်းလွတ်လပ်ခွင့်ကို ထိပါးတဲ့ အပြုအ မူဖြစ်တဲ့အတွက် စာနယ်ဇင်းကောင်စီကို အကူအညီတောင်းသွားမှာပါ၊ အာဏာပိုင်တွေ ဖမ်းသွားတဲ့ သ တင်းထောက်တွေနဲ့ အမှုဆောင်အယ်ဒီတာချုပ် ဦးတင့်ဆန်းဆီက ခုထိ ဘာမှ အဆက်အသွယ်မရသေး ဘူး၊ နယ်သတင်းထောက်ကတော့ ပခုက္ကူထောင်မှာ ရှိနေပါတယ်”ဟု ပြောသည်။

စာနယ်ဇင်းကောင်စီ(ယာယီ) အတွင်းရေးမှူးဦးကျော်မင်းဆွေက “ယူနတီဂျာနယ်ကတရားဝင် စာရောက် လာတာနဲ့ အစည်းအဝေးခေါ်ပြီး ဘာလုပ်မယ်ဆိုတာ ဆုံးဖြတ်သွားမှာပါ”ဟု မဇ္ဈိမကို ပြောသည်။

ယခုကဲ့သို့ ဖမ်းဆီးအရေးယူဆောင်ရွက်ခြင်းသည် ယခင်အစိုးရဖြေရှင်းသည့် ပုံစံဖြစ်ပြီး သမ္မတကိုယ် တိုင်အသိအမှတ်ပြုထားသည့် စာနယ်ဇင်းကောင်စီကို မထီမဲ့မြင်ပြုသည့် သဘောမျိုး သက်ရောက်နေ သည်ဟု ၎င်းက ဆက်ပြောသည်။

“ပြဿနာရှိရင် ကောင်စီကိုအရင် အသိပေးဖို့၊ ကောင်စီက ဖြေရှင်းပေးတာကို အရင်လက်ခံဖို့ မေတ္တာရပ် ခံထားတယ်၊ ကောင်စီက ပြောထားရဲ့သားနဲ့ တိုက်ရိုက် အရေးယူဆောင် ရွက်တာတွေက ကောင်စီကို မထီမဲ့မြင် အလေးမထားတဲ့သဘော သက်ရောက်ပါတယ်၊ ကျွန်တော်တို့ စေ့စပ်ညှိနှိုင်းပေးတာကလဲ နှစ် ဖက်ပြေလည်အောင် ဖြေရှင်းပေးတာပါ၊ ကောင်စီက ဖြေရှင်းပေးတာကို အာဏာပိုင်တွေဘက်က လက် ခံပေးလိမ့်မယ်လို့ ယုံကြည် တယ်”ဟု ပြောသည်။

ဇန်န၀ါရီ ၂၅ ရက်ထုတ် ယူနတီဂျာနယ်တွင် မကွေးတိုင်း၊ ပေါက်မြို့နယ်ရှိ လျှို့ဝှက် ဓာတုလက်နက်စက် ရုံဟု ယူဆရသည့်အကြောင်းကို မျက်နှာဖုံးတွင် ဖော်ပြခဲ့သဖြင့် အမှုဆောင်အယ်ဒီတာချုပ်နှင့် သတင်း ထောက်လေးဦးကို အာဏာပိုင်များက ဖမ်းဆီးခေါ်ဆောင်ထားသည်။

မြန်မာဂျာနယ်လစ်ကွန်ရက် အထွေထွေအတွင်းရေးမှူး ဦးမြင့်ကျော်က မြန်မာ ဂျာနယ်လစ်ကွန်ရက်နှင့် မြန်မာနိုင်ငံ သတင်းစာဆရာများအသင်းတို့ကလည်း ယူနတီ သတင်းထောက် အဖမ်းခံရမှုကို အစည်း အဝေးကျင်းပ၍ ကြေညာချက် ထုတ်ပြန်သွားရန် ရှိသည်ဟု ပြောသည်။

၎င်းက “သတင်းသမားတွေကို ရန်လိုတဲ့အပြုအမူလို့မြင်တယ်၊ ဖမ်းပြီးမှ ဥပဒေနဲ့လုပ်တာမျိုးဖြစ်နေတယ်၊ သတင်းစာဆရာများအသင်းကလဲ ကြေညာချက်ထုတ်ဖို့ ရှိတယ်လို့ အကြမ်းဖျင်းအားဖြင့် သိထားတယ်” ဟု ပြောသည်။

လက်ရှိတွင် ယူနတီဂျာနယ်၏ ပေါက်မြို့နယ်ခံသတင်းထောက် ကိုလူမော်နိုင်ကို နိုင်ငံတော်လျှို့ဝှက် ချက်ပေါက်ကြားမှုအက်ဥပဒေ ပုဒ်မ ၃/ ၁ ( က )ဖြင့် အရေးယူထားပြီး ပခုက္ကူအကျဉ်းထောင်တွင် ဖမ်း ဆီးထားသည်ဟု ဇနီးဖြစ်သူ မလွင်လွင်မြင့်က ပြောသည်။

၎င်းက “ရပ်ကွက်လူကြီးရယ်၊ ရဲ ရှစ်ဦးရယ် အိမ်တံခါးခေါက် လာခေါ်သွားတယ်၊ မြို့နယ်မှူးက မေးစရာရှိ လို့ ခေါ်ခိုင်းလိုက်လို့ ကိုလူမော်ကို လာခေါ်တာပါလို့ ပြောတယ်။ ကျွန်မလဲ ရဲစခန်းလိုက်သွားတော့ ပြစ် ချက်တွေယူပြီး ကိုလူမော်နိုင်ကို အချုပ်ထဲကို တန်းပို့လိုက်တာ၊ ပခုက္ကူအကျဉ်းထောင်ရောက်သွားပြီ၊ တွေ့ခွင့်ရမယ်ဆိုလို့သွားတာ လူချင်းတော့ မတွေ့ရသေးဘူး၊ အ၀တ်အစားတို့ စာအုပ်တို့၊ စားစရာတို့ ပေးခဲ့တယ်”ဟု ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး သမ္မတရုံးညွှန်ကြားရေးမှူး ဦးဇော်ဌေးက ယူနတီဂျာနယ် ဖော်ပြချက်များ တွင် ဓာတုလက်နက်ဟု သုံးနှုန်းဖော်ပြချက်များသည် ပကတိအခြေအနေနှင့် ကွဲပြားနေပြီး နိုင်ငံတော် လျှို့ဝှက်ချက်များ အက်ဥပဒေနှင့် ငြိစွန်းနေသဖြင့် သတင်းမီဒီယာများအနေဖြင့် လွတ်လပ်စွာ ရေးသား ဖော်ပြခွင့်နှင့် တည်ဆဲဥပဒေများကို လေးစားလိုက်နာရန်လိုသည်ဟု ပြောသည်။

၎င်းက “နိုင်ငံတော်ကာကွယ်ရေးနဲ့ လုံခြုံရေးကန့်သတ်ထားတဲ့ တည်ဆဲဥပဒေတွေကို သတင်းမီဒီယာ အပြင် နိုင်ငံသားအားလုံးက လေးစားလိုက်နာဖို့လိုပါတယ်၊ ကျွန်တော်တို့က သတင်းလွတ်လပ်ခွင့်ကို တားမြစ်ကန့်သတ်နေတာ မဟုတ်ဘူး၊ ယူနတီ ဂျာနယ်မှာဖော်ပြ ထားတဲ့ ဓာတုစက်ရုံသတင်းမှာပါတဲ့ ရင်း မြစ်တွေက ဘယ်လောက်ထိ တိကျခိုင်မာသလဲ၊ သတင်းမီဒီယာတွေဘက်က သတိပြုဖို့လိုပါတယ်”ဟု ပြောသည်။

Mizzima

0 comments:

Post a Comment