ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ စီးပွားရေး လုပ်ငန်းရှင်များ ထံမှ
နှစ်အဆက်ဆက်က ကျန်ရှိသော အခွန်ငွေ ကြွေးကျန်များကို စီမံချက် ချမှတ်ကာ
ရပ်ကွက်/ကျေးရွာ အုပ်စုများ အရောက် အဖွဲ့များခွဲ၍ ကွင်းဆင်း ကောက်ခံမည်
ဖြစ်ကြောင်း ဧရာဝတီ တိုင်းဒေသကြီး ပြည်တွင်းအခွန်များ ဦးစီးဌာန
ညွှန်ကြားရေးမှူးက ပြောကြားသည်။
ယင်းကြွေးကျန် အခွန်များမှာ နိုင်ငံပိုင်စက်ရုံမှ စာရင်းမှား ကြွေးကျန်နှင့် နာဂစ်မုန်တိုင်းဒဏ်ခံ မြို့နယ်ခုနစ်ခုက လျော်ပေးရန်ရှိသည့် ကြွေးများ ဖယ်လိုက်ပါက ဧရာဝတီတိုင်းအတွင်း စီးပွားရေး လုပ်ငန်းရှင်များထံမှ ရရန် ကျန်ရှိငွေမှာ ကျပ်သန်း ၃၃၃ သန်း ရှိသည်ဟု ၎င်းကဆို သည်။
“နှစ်သစ်ကြွေးကျန် မရှိဘူး။၂၀၁၃ - ၂၀၁၄ ဘဏ္ဍာရေးနှစ်အတွက် လျာထား ငွေကျပ်သန်း (၁၅၀၀၀) ကျော် ကောက်ခံရရှိပြီး ဖြစ်တဲ့အတွက် လျာထားငွေထက် ကျပ်သန်း (၁၃၀၀) ကျော် ဒီနှစ်ဘဏ္ဍာနှစ်အတွက် ကောက်ခံနိုင်မယ်” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။
အခွန်ကြွေးကျန် ကောက်ခံရေး အဖွဲ့များမှာ ဇန်နဝါရီလမှစ၍ ကွင်းဆင်း ကောက်ခံလျက်ရှိရာ မြို့နယ် (၇) ခုတွင် စိစစ်ကောက်ခံပြီး ဖြစ်ကြောင်း၊ ယခုလအတွင်း မအူပင်ခရိုင်နှင့် မြောင်းမြ ခရိုင်အတွင်း ကွင်းဆင်း ကောက်ခံမည် ဖြစ်ပြီး ဖျာပုံခရိုင်နှင့် ဟင်္သာတခရိုင် တို့သို့လည်း ဆက်လက် ကွင်းဆင်း ကောက်ခံမည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
“ကျွန်မတို့ကတော့ အခွန်ဦးစီးကခေါ်ရင် သွားလိုက်တာပဲ။ ဒီနှစ်အခွန် ဒီလောက် ကျတယ် ဆိုလဲ ဆောင်လိုက်တာပဲ။ ဘာမှပြောစရာ မရှိပါဘူး၊ တစ်နှစ်မှ သောင်း ဂဏန်းလောက်ပဲ ဆောင်နေရ တာလေ” ဟု ပုသိမ်မြို့ ကုန်သည်လမ်းမှ စတိုးဆိုင် ပိုင်ရှင် အမျိုးသမီးတစ်ဦးက ပြောကြားသည်။
အခွန်ငွေကြွေးကျန်များ ရှိနေခြင်းနှင့် အခွန် ပြည့်စုံစွာ ကောက်ခံရရှိမှု မရှိခြင်းမှာ ဌာနဆိုင်ရာ အချင်းချင်း ပူးပေါင်း ဆောင်ရွက်မှု အားနည်းခြင်းကြောင့် ဖြစ်ကြောင်း၊ အခွန်ထမ်းပြည်သူများ အနေနှင့် အခွန်ထက် အခများကို ပိုမိုအလေးထားကြောင်း၊ ဒီမိုကရေစီ နိုင်ငံတိုင်းသည် အခွန်အခများ ဖြင့်သာ အစိုးရက ဆောင်ရွက်နိုင်ကြောင်း အခွန်ဦးစီးဌာန အငြိမ်းစား အရာရှိတစ်ဦးက မှတ်ချက်ပြုသည်။
“အရက်ဆိုင် လိုင်စင်ကို အထွေထွေ အုပ်ချုပ်ရေးမှူးရုံးက ချပေးတယ်။ လိုင်စင် ချပေးကတည်းက အခွန်ပေးဆောင်ရန် အတွက်ပါ စီစဉ်ပေးရမှာ။ ဒါမှအခွန် များများရနိုင်မယ်။ မီတာခ မဆောင်လျှင် မီးဖြတ်တာမျိုးလုပ်မှ အခွန်ရနိုင်မှာ” ဟု ၎င်းကရှင်းပြသည်။
“ကျွန်တော့် ပုစွန်ကန်က ငါးလုပ်ငန်း ဦးစီးဌာနက ထုတ်ပေးထားတဲ့ လိုင်စင်တော့ရှိတယ်၊ အခွန်ဦးစီးမှာ တစ်ခါမှ အခွန်မဆောင်ခဲ့ရပါဘူး” ဟု ငပုတောမြို့နယ် ဟိုင်းကြီးကျွန်းမြို့နယ်ခွဲ ပုစွန်ကန်ပိုင်ရှင် အမျိုးသားတစ်ဦးက ပြောဆိုသည်။
ဧရာဝတီတိုင်းဒေသကြီးအတွင်း ငါးနှင့်ပုစွန် မွေးမြူရေးကန် ဧကခုနစ်သောင်းကျော်ခန့် ရှိသော်လည်း အခွန်ပေးဆောင်သူ လုပ်ငန်းရှင်များ မရှိကြောင်း၊ ယင်းလုပ်ငန်းရှင်များ အနေနှင့် ငါးကန် တစ်ကန်လျှင် တစ်နှစ်အခွန်ငွေ ၅၀၀၀ ကျပ်သာ ပေးဆောင်မည်ဆိုပါက အခွန်ငွေများ ယခုထက် ပိုမိုရရှိမည် ဖြစ်ကြောင်း ပုသိမ် မြို့တော်ခန်းမတွင် ဖေဖော်ဝါရီ ၁၃ ရက်နေ့က ပြုလုပ်သည့် အခွန်ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ မှတ်တမ်းများအရ သိရှိရသည်။
The Voice Weekly
0 comments:
Post a Comment