စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်အတွင်း မိုးသီးကြွေခြင်းနှင့် ဆစ်ပိုး
အန္တရာယ် ကျရောက်ခဲ့ခြင်းကြောင့် စိုက်ပျိုးပြီး လယ်မြေများနှင့် စပါးများ
ပျက်စီးဆုံးရှုံးခဲ့ရ၍ ၂၀၁၄ ခုနှစ်တွင် ပြန်ဆပ်ရမည့် မိုးစပါး စိုက်စရိတ်
ချေးငွေများ ဆိုင်းငံ့ပေးရန် သမ္မတနှင့် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း
ဝန်ကြီးဌာနများထံ တောင်သူ များက အသနားခံစာ တင်ပြသွားမည် ဖြစ်ကြောင်း
ရွှေဘိုခရိုင်၊ ရွှေခြင်္သေ့ဇေယျသိင်္ခ တောင်သူ လယ်သမား ကွန်ရက်၊ ခရိုင်ညှိနှိုင်းရေးမှူး ဦးသန်းထိုက်က ပြောကြားခဲ့သည်။
ယခုနှစ် မိုးရာသီအတွက် ဘဏ်ချေးငွေဆပ်ရန်မှာ စပါးပေါ်ချိန်တွင် ဆစ်ပိုး အန္တရာယ် ကျရောက်ခဲ့မှုနှင့် ဒီဇင်ဘာလအတွင်း မိုးသီး ကြွေကျခြင်းကြောင့် ပျက်စီး ဆုံးရှုံးသည့် တောင်သူများ စုပေါင်း လက်မှတ်ထိုးပြီး ဇန်နဝါရီလကုန်တွင် တင်ပြသွားမည် ဖြစ်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။
“ပျက်စီးဆုံးရှုံးတဲ့ တောင်သူတချို့ ဆိုရင် မိုးသီးကြွေလို့ တစ်ပင်မှ မရိတ်လိုက်ရတာတွေ ရှိတယ်။ ကန့်ဘလူမြို့နယ်က ပိုဆိုးတယ်။ ဆစ်ပိုးက ဝက်လက်နဲ့ ရွှေဘိုက တော်တော်ဆိုးတယ်။ တောင်သူတွေ ဘဏ်ကြွေး ဆပ်ဖို့ အခက်အခဲ အတော်လေး ဖြစ်နေတယ်” ဟု လယ်သမားကွန်ရက် အဖွဲ့ဝင်တစ်ဦးက ဆို သည်။
ဘုတ်ကုန်းကျေးရွာမှ တောင်သူ ဦးသန်းရွှေက ယခုနှစ် ကန့်ဘလူမြို့နယ်နှင့် ရွှေဘိုမြို့နယ်များတွင် ဒီဇင်ဘာလ အတွင်း မိုးစပါး ရိတ်သိမ်းချိန် မိုးသီး ကြွေကျသည့် ဒဏ်ကြောင့် တောင်သူများ ထိခိုက်ခဲ့ရပြီး ၎င်း ကိုယ်တိုင် စပါးခင်း ငါးဧကခွဲခန့် ပျက်စီးခဲ့သည့်အပြင် ကျန်လေးဧကခွဲတွင် နှစ်ဧကခွဲ မှာ အဆန် မအောင်ဘဲ နှစ်ဧကတွင်ပင် တင်း ၄၀ ခန့်သာ ထွက်ရှိခဲ့ကြောင်း ပြောကြားသည်။
ဒီဇင်ဘာလအတွင်း မိုးသီးဒဏ်ကြောင့် ကန့်ဘလူမြို့နယ်အတွင်း ဧက ၁၀၀၀၀ နီးပါး ပျက်စီးခဲ့ပြီး ဆစ်ပိုးကြောင့် ပျက်စီးသည့် လယ်ဧကအတွက် အတိအကျ စာရင်းကောက်ပြီးမှသာ သိနိုင်မည် ဖြစ်ကြောင်း ခရိုင်ညှိနှိုင်းရေးမှူး သန်းထိုက်က ဆိုသည်။
The Voice
0 comments:
Post a Comment