Tuesday, January 14, 2014

လာမည့်ငါးနှစ် အတွင်း ဘယ်မောင်းယာဉ်များသာ တင်သွင်းခွင့်ပြုမည်

လက်ယာကပ်မောင်းသည့် ယာဉ်ကြောစနစ် ကျင့်သုံးသည့် မြန်မာနိုင်ငံတွင် ယခုနှစ်မှ စတင်၍ ၂၀၁၃၊ ၂၀၁၄ ခုနှစ် ထုတ် မော်တော်ယာဉ်များ တင်သွင်းပါက ဘယ်မောင်း (လက်ကိုင်ဘီး ဝဲဘက်ကပ်) ယာဉ်များသာ တင်သွင်းရမည်ဖြစ်ပြီး လာမည့် ငါးနှစ်အတွင်း မော်တော်ယာဉ် အားလုံး ဘယ်မောင်းသာ တင်သွင်းခွင့် ရှိတော့မည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေး ဝန်ကြီး ဌာနထံမှ စုံစမ်း သိရှိရသည်။ 

ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန၏ ၁၉၆၄ ခုနှစ် မော်တော်ယာဉ် ဥပဒေ ပြဋ္ဌာန်းချက်အရ ဘယ်မောင်း မော်တော်ယာဉ် များသာ မောင်းနှင်ခွင့် ရှိမည် ဖြစ်ကြောင်း အဆိုပါဌာန ညွှန်ကြားရေးမှူး ဦးမင်းမင်းက The Voice သို့ ပြောကြားသည်။ "တကယ်တော့ ဥပဒေအရ လုပ်တာပါ။ ဘယ်မောင်း ဆိုတော့ အန္တရာယ်လည်း ပိုကင်းတယ်" ဟု ၄င်းက ဆိုသည်။

Brand New မော်တော်ယာဉ် များကို ဘယ်မောင်းများသာ တင်သွင်းရမည်ဟူသော ဥပဒေကို ယခုနှစ်မှသာ စတင် ကျင့်သုံးခြင်း ဖြစ်ပြီး ၂၀၁၃-၁၄ ထုတ် မော်တော်ယာဉ်များ တင်သွင်းခြင်း အတွက်သာ ထိုသို့ သတ်မှတ်ခြင်းဖြစ်ကြောင်း ဦးမင်းမင်းက ရှင်းပြသည်။

"ဒီသတ်မှတ်ချက်က သိပ်ပြီးတော့ မလွယ်ဘူး။ ဂျပန်ကားတွေက ညာမောင်း တွေလေ။ ကျန် ကားတွေ ကတော့ ဘယ်မောင်းတွေရှိတယ်။ အခုလမ်းစနစ်က လက်ယာကပ်စနစ် ဆိုတော့ ဘယ်မောင်းက မောင်းရတာတော့ အဆင်ပြေပါတယ်" ဟု မော်တော်ယာဉ် ဝယ်ရောင်း ဦးကျော်စိုး က ပြောကြားသည်။

ယခုနှစ်အတွင်း ဆိပ်ကမ်းအရောက် မော်တော်ယာဉ် တန်ဖိုး သတ်မှတ်ချက်တွင် အနိမ့် ဆုံးမော်ဒယ်လ်နှစ် သည် ၂၀၀၉ ခုနှစ် မှ စတင်သတ်မှတ်ထားပြီး ၂၀၁၃ ခုနှစ် မော်ဒယ်လ်မှ စတင်၍ ဘယ်မောင်း မော်တော်ယာဉ် တင်သွင်းရမည် ဖြစ်ခြင်းကြောင့် နောက်ထပ် နှစ်အလိုက် အချိုးကျသတ်မှတ်ပါက ငါးနှစ် ကြာမြင့်ပြီးချိန်တွင် ဘယ်မောင်း မော်တော်ယာဉ် များသာ တင်သွင်းခွင့် ရှိတော့မည် ဖြစ်ကြောင်း ဦးမင်းမင်းက ဆိုသည်။

The Voice Weekly

0 comments:

Post a Comment