Tuesday, January 14, 2014

တိုက်ခန်း အမည်ပြောင်း လျှောက်ထားခြင်းကို အွန်လိုင်းမှ ဆောင်ရွက်နိုင်ရန် စီစဉ်

တိုက်ခန်းအမည်ပြောင်း လျှောက်ထားခြင်းကို အွန်လိုင်းမှ ဆောင်ရွက်နိုင်ရန် စီစဉ်လျက် ရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။
အွန်လိုင်းမှတစ်ဆင့် လုပ်ငန်းအချို့ကို လျှောက်ထားနိုင်ပြီ ဖြစ်ရာ ဆက်လက်ခွင့်ပြုပေးမည့် လုပ်ငန်းများတွင် တိုက်ခန်းအမည်ပြောင်း လျှောက်ထားခြင်းကို ဆောင်ရွက်ပေး မည်ဖြစ်ကြော င်း၊ အွန်လိုင်းမှတစ်ဆင့် လျှောက်ထားနိုင်သော လျှောက်လွှာများတွင် တိုက်ခန်းအမည်ပြောင်း လျှောက်ထားခြင်း အပါအဝင် ကြော်ငြာဆိုင်းဘုတ်တင်ခွင့် လျှောက်ခြင်း၊ ကြော်ငြာဆိုင်းဘုတ် ဒီဇိုင်းပြောင်း လျှောက်ထားခြင်း၊ ကြော်ငြာဆိုင်းဘုတ် ပိတ်သိမ်း လျှောက်ထားခြင်း အစရှိသည်တို့ ပါဝင်ကြောင်း သိရသည်။

 ယင်းအပြင် အဆောက်အအုံသစ် ဆောက်လုပ်ခွင့် လျှောက်ထားခြင်း၊ အဆောက်အအုံသစ် ဖျက်သိမ်းခွင့် လျှောက်ထားခြင်း၊ ခြံစည်းရိုးကာရံခွင့် လျှောက်ထားခြင်း တို့လည်း ပါဝင်ကြောင်း သိရသည်။ တိုက်ခန်းများ အမည်ပြောင်း လျှောက်ထားရာတွင် ကိုယ်တိုင်ရေး လျှောက်လွှာ တစ်စောင်၊ အင်ဂျင်နီယာဌာန (အဆောက်အအုံမှ ထုတ်ပေးသော အဆောက်အအုံနေထိုင်ခွင့် စာချုပ် (သို့) သက်ဆိုင်ရာ မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံး၏ တိုက်ခန်းနေရာချထားခြင်း လက်မှတ် တစ်စောင်၊ တိုက်ခန်းလွှဲပြောင်း လက်ခံခြင်း သဘောတူစာချုပ် မိတ္တူတစ်စောင်၊ သက်ဆိုင်ရာ ရပ်ကွက်အာဏာပိုင်၏ တိုက်ခန်းပိုင်ဆိုင်သည်မှာ မှန်ကန်ကြောင်း ထောက်ခံချက်တစ်စောင် စသည်တို့ လိုအပ်မည် ဖြစ်သည်။

 တိုက်ခန်းလွှဲပြောင်းသူ၊ တိုက်ခန်းလက်ခံသူတို့၏ မူရင်းနှင့် တိုက်ဆိုင်စစ်ဆေးထားသော နိုင်ငံသားစိစစ်ရေးကတ်ပြား မိတ္တူတစ်စောင်၊ တိုက်ခန်းလွှဲပြောင်းသူ၏ လိုင်စင်ဓာတ်ပုံနှစ်ပုံ၊ တိုက်ခန်း လွှဲပြောင်းသူ၏ မူရင်းနှင့် တိုက်ဆိုင်စစ်ဆေးထားသော အိမ်ထောင်စုစာရင်း မိတ္တူတစ်စောင်၊ တိုက်ခန်း လွှဲပြောင်းသူ၏ အမည်ပြောင်းလဲခြင်းအား ကန့်ကွက်ရန် မရှိကြောင်း ဝန်ခံကတိပြုချက် တစ်စောင်တို့လည်း လိုအပ်မည် ဖြစ်သည်။ ယင်းအပြင် ရေခွန်ပေးဆောင်ပြီး ပြေစာမိတ္တူ (သို့) လွှဲပြောင်းလက်ခံသူမှ တိုက်ခန်းနှင့် ပတ်သက်သည့် ကြွေးကျန်ကိစ္စများ တာဝန်ယူဖြေရှင်းမည့် ဝန်ခံကတိပြုချက် တစ်စောင်လည်း လိုအပ်မည် ဖြစ်ကြောင်း အွန်လိုင်းမှတစ်ဆင့် လျှောက်ထားရာတွင် လိုအပ်သော သိကောင်းစရာများတွင် ဖော်ပြထားချက် အရ သိရသည်။

 ယင်းစာရွက်စာတမ်းများ စုံလင်စွာ တင်ပြလျှောက်ထားနိုင်မည်ဖြစ်ပြီး ဌာနမှ စိစစ်မှုများ ပြုလုပ်ကာ သတ်မှတ်လုပ်ငန်းစဉ်များအတိုင်း ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားချက်အရ သိရသည်။ တိုက်ခန်းအမည်ပြောင်း လျှောက်ထားခြင်းကို အွန်လိုင်းမှ ဆောင်ရွက်နိုင်လာပါက www.ycdc.gov.mm လိပ်စာမှတစ်ဆင့် ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း၊ လက်ရှိတွင် လုပ်ငန်းအချို့အား အွန်လိုင်းမှတစ်ဆင့် လျှောက်ထားနိုင်ရန် ဆောင်ရွက်ထားပြီဖြစ်ကြောင်း ၂၀၁၄ ခုနှစ် ဇန်နဝါရီ ၁၆ ရက်နေ့ထုတ် Internet ဂျာနယ်တွင် ဖော်ပြထားပါသည်။

www.ycdc.gov.mm

0 comments:

Post a Comment