Tuesday, January 14, 2014

ပြင်ဦးလွင်ခရိုင်အတွင်း ကော်ဖီစိုက်မြေ ရယူထားသူများကို ၂၀၁၄ တွင် စိုက်ပျိုးခြင်းမရှိက အရေးယူမည်

ပြင်ဦးလွင်ခရိုင်အတွင်း စက်မှုသီးနှံဖွံ့ဖြိုးရေးဦးစီးဌာနထံမှ ကော်ဖီစိုက်ပျိုးမြေ ရယူထားသူ များသည် ၂၀၁၄ ခုနှစ် စိုက်ပျိုးရာသီတွင် ကော်ဖီစိုက်ပျိုးသွားရမည်ဖြစ်ပြီး စိုက်ပျိုးခြင်းမပြု ပါက အရေးယူမှုများပြု လုပ်မည်ဟု မန္တလေးတိုင်းအစိုးရအဖွဲ့က ညွှန်ကြားထားသည်ဟု ပြင်ဦးလွင် ခရိုင် စက်မှုသီးနှံဖွံ့ဖြိုးရေး ဦးစီးဌာန၏ ခရိုင်ဦးစီးမှူးဦးမြင့်ဆွေက ဇန်န၀ါရီလ ၁၃ ရက်တွင် မဇ်္ဈိမကို ပြောသည်။

“ဘယ်လိုအရေးယူမယ်ဆိုတာတော့ အတိအကျမသိသေးပါဘူး။ အဲဒီကော်ဖီစိုက်ပျိုးမြေတွေ မှာ ကော်ဖီ စိုက်ဖို့ ကျွန်တော်တို့ဘက်က နည်းပညာပိုင်းနဲ့ မျိုးစေ့ပိုင်းမှာရော တတ်နိုင် သလောက် ၀ိုင်းဝန်းကူညီပေး မှာပါ”ဟု ဦးမြင့်ဆွေက ပြောသည်။

သို့သော် ပြင်ဦးလွင်မြို့ရှောင်လမ်း ဖောက်လုပ်နေသဖြင့် မြို့ရှောင်လမ်း၏ဘေးဝဲယာရှိ မြေကွက် များကို လိုက်လံဝယ်ယူမှုများရှိရာ မြေအများစုသည် ကော်ဖီစိုက်ပျိုးမြေ များဖြစ် သည်ဟု ပြင်ဦးလွင်မြို့မှ ရွှေညီ ကို အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းမှ ဦးဒိုပုန်းက ပြောသည်။

မြို့ရှောင်လမ်းကို ကတ္တရာလမ်းခင်းမည်ဖြစ်ရာ လမ်းပြီးစီးသွားပါက ဈေးတက်နိုင်မည့် အလားအလာကို မျှော်မှန်းကာ ကော်ဖီစိုက်ပျိုးမြေများကို အရောင်းအ၀ယ်ပြုနေကြခြင်းဖြစ်ပြီး သတ်မှတ်ကာလအတွင်း သီးနှံစိုက်ပျိုးခြင်းမပြုပါက ၀ယ်ယူထားသည့်မြေကို သက်ဆိုင်ရာက ပြန်လည်သိမ်းနိုင်ကြောင်း ဦးဒိုပုန်း က ပြောသည်။

ကော်ဖီခြံမြေများသည် ကားလမ်းဘေးကျသော မြေတစ်ဧကလျှင် သိန်း ၅၀၀၀န်းကျင်ရှိပြီး လမ်းအတွင်း ပိုင်းကျပါက သိန်း၂၀၀ ၀န်းကျင်ခန့် ဈေးပေါက်လျက်ရှိနေသည်ဟု ကောင်းဟိန်းဆက် အိမ်ခြံမြေအကျိုး ဆောင်လုပ်ငန်းမှ ဒေါ်ခင်သန်းက ပြောသည်။

ပြင်ဦးလွင်မြို့နယ် ကော်ဖီစီမံကိန်းအတွက်၂၀၁၁ ခုနှစ်မှ စတင်အကောင်အထည်ဖော်ခဲ့ရာ ပြင်ဦးလွင် မြို့အ၀င်ရှိ ပွေးတောင် ကော်ဖီသုတေသနခြံတွင်လည်း ကော်ဖီနှင့်ဆက်စပ်သည့် မျိုးစေ့များ၊ အပင်များ ကို စမ်းသပ်သုတေသနပြုလျက်ရှိပြီး ကော်ဖီစိုက်ပျိုးမြေအဖြစ် သတ်မှတ်ထားသည့် မြေပေါ်တွင် အခြား စိုက်ပျိုးသီးနှံ စိုက်ပျိုးခွင့်မရှိပေ။ အကယ်၍ ကော်ဖီစိုက်ပျိုးသော်လည်း မဖြစ်ထွန်းပါက စက်မှုသီးနှံဖွံ့ဖြိုး ရေးဦးစီးဌာန၏ အတည်ပြုခွင့်ပြုချက်ရရှိမှသာ အခြားသီးနှံကို ပြောင်းလဲစိုက်ပျိုးခွင့်ရှိသည်။

၂၀၁၃ ခုနှစ် ဇူလိုင်လမှ စတင်ကာ ကော်ဖီစိုက်ပျိုးမြေရယူထားသည့် မည်သူမဆို ၂၀၁၄ စိုက်ပျိုးရာသီ တွင် ကော်ဖီသီးနှံကို အပြီးစိုက်ပျိုးသွားရမည်ဖြစ်သည်ဟု မန္တလေးတိုင်းအစိုးရ အဖွဲ့က စက်မှုသီးနှံဖွံ့ဖြိုး ရေးဦးစီးဌာနကို ညွှန်ကြားထားသည်။

ပြင်ဦးလွင်မြို့နယ်အနီးတစ်ဝိုက်ရှိ စိုက်ဧကပေါင်း ၁၈,၀၀၀ ကျော်ကို ကော်ဖီစီမံကိန်းဧရိယာ အဖြစ်သတ် မှတ်ထားပြီး လက်ရှိတွင် ကော်ဖီခြံနှင့် ကော်ဖီစိုက်ပျိုးရန်အတွက် အရိပ်ရပင်များ စိုက်ပျိုးထားရှိသည့် မြေ ဧကများအပါအ၀င် ဧက ၅,၀၀၀ ကျော်သာရှိနေသည်ကို စက်မှုသီးနှံ ဖွံ့ဖြိုးရေး ဦးစီးဌာနစာရင်းများတွင် ဖေါ်ပြထားခြင်းဖြစ်သည်။

Mizzima - News in Burmese

0 comments:

Post a Comment