Wednesday, January 15, 2014

မသန်စွမ်းတို့အတွက် ဖော်ထုတ်ပေးဖို့လိုအပ်နေသည့် အလုပ်အကိုင်အခွင့်အလမ်းများ

မြန်မာနိုင်ငံလူဦးရေသန်း(၆၀)မှာ မသန်စွမ်းလူဦးရေ(၉)သန်းကျော် ရှိနေတာဖြစ်ပါတယ်။ အဆိုပါ(၉)သန်းကျော်လူဦးရေထဲမှာ အလုပ်လုပ်ကိုင်နိုင်တဲ့ မသန်စွမ်းများစွာရှိနေပြီး (၈၅) ရာခိုင်နှုန်းခန့်ဟာ အလုပ် လက်မဲ့ဖြစ်နေတဲ့ မသန်စွမ်းများဖြစ်နေပါတယ်။ ဒါကြောင့် မသန်စွမ်းသူများ အလုပ်အကိုင်ရရှိစေဖို့အတွက် မြန်မာနိုင်ငံမသန်စွမ်းရှေ့ဆောင်အဖွဲ့မှ နိုင်ငံတကာမှ စီးပွားရေးလုပ်ငန်းရှင်များ၊ ပြည်တွင်းရှိ မသန်စွမ်းအဖွဲ့အစည်းများ၊ ပြည်တွင်း စီးပွားရေးလုပ်ငန်းရှင်များနဲ့ လာမယ့်မတ်လအတွင်းမှာ ဆွေးနွေးသွားဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

အသက်(၃၈)နှစ်ရှိနေပြီ ဖြစ်တဲ့ မယုယသူဟာ မွေးရာပါ မသန်စွမ်းတစ်ဦးဖြစ်ပြီး စမ်းချောင်းမြို့နယ် ၊ အောင်သပြေလမ်းမှာ မိသားစုများနဲ့ အတူနေထိုင်သူတစ်ဦးဖြစ်ပါတယ်။ မွေးချင်းမောင်နှမလေးယောက်မှာ အငယ်ဆုံးညီမတစ်ယောက်လည်းဖြစ်တဲ့အတွက် မိသားစုများက မယုယသူ အလုပ်သွားရာမှာ ဂရုတစိုက်ပြင်ဆင်ပေးလေ့ရှိပါတယ်။ မယုယသူဟာ လက်ရှိမှာတော့ မြန်မာနိုင်ငံမသန်စွမ်းရှေ့ဆောင်အဖွဲ့မှာ သင်တန်းပိုင်းတွေကို သင်ကြားပေးတဲ့ ဆရာမအဖြစ်အနေနဲ့ တာဝန်ယူဆောင်ရွက်နေပြီး ယခင်ကလည်း ခရီးသွားလုပ်ငန်းတစ်ခုမှာ အလုပ်လုပ်ကိုင်ခဲ့ဖူးတယ်လို့သိရပါတယ်။

အခုလိုမသန်စွမ်းတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ ပိုမိုအဆင်ပြေလာစေဖို့ အတွက် မြန်မာနိုင်ငံ မသန်စွမ်းရှေ့ဆောင်အဖွဲ့မှ အလုပ်အကိုင်များ လျှောက်ထားရာမှာ လွယ်ကူစေဖို့ ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်။  မြန်မာနိုင်ငံမသန်စွမ်းရှေ့ဆောင် အဖွဲဟာ လာမယ့် မတ်လမှာကျင်းပမဲ့ ဒီဆွေးနွေးပွဲမှာ မသန်စွမ်းတွေအတွက် အလုပ်အကိုင် အခွင့်အလမ်းများစွာ ပေါ်ထွက်လာစေဖို့ ယခုကတည်း အချက်အလက်များကို  ကြိုတင်ပြင်ဆင်မှုများစွာ ပြုလုပ်ထားပြီး ထည့်သွင်းဆွေးနွေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ 

Mrtv-4

0 comments:

Post a Comment