Wednesday, January 15, 2014

နိုင်ငံတော် ကာကွယ်ရေး စီမံကိန်းများ မအောင်မြင်ပါက လွတ်လပ်ရေး ဆုံးရှုံးနိုင်ကြောင်း ကာကွယ်ရေးဝန်ကြီးပြောဆို

တပ်မတော်က စီမံဆောင်ရွက်နေသည့် နိုင်ငံတော် ကာကွယ်ရေး စီမံကိန်းများ မအောင်မြင်ပါက မြန်မာနိုင်ငံ၏ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ ဆုံးရှုံးသွားနိုင်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးဝေလွင်က သတိပေး ပြောကြားသည်။
ယနေ့ ကျင်းပသော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ၂၀၁၄-၂၀၀၁၅ ဘဏ္ဍာရေး အသုံးစရိတ်နှင့် အမျိုးသား စီမံကိန်းနှင့် ပတ်သက်ပြီး တပ်မတော် ကာကွယ်ရေး အသုံးစရိတ်နှင့် စီမံကိန်းများ တောင်းခံခြင်းကိစ္စ ဆွေးနွေးစဉ် ၎င်းက ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
“သတိပြု လုပ်ကိုင်ရမှာကတော့ နိုင်ငံတော်မှာ စီးပွားရေးကိစ္စတစ်ခု ဆုံးရှုံးသွားမယ်ဆိုရင် နိုင်ငံတော်ရဲ့စီပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွေ ဆုံးရှုံးနိုင်ပါတယ်။ နိုင်ငံတော် ကာကွယ်ရေး စီမံကိန်းကြီးတွေ ဆုံးရှုံးမှု ဖြစ်ပေါ်သွားမယ် ဆိုရင်တော့ ကျွန်တော်တို့ နိုင်ငံတော်ရဲ့ လွတ်လပ်ရေး၊ ကျွန်တော်တို့နိုင်ငံရဲ့ အချုပ်အခြာအာဏာ ဆုံးရှုံးသွားမှာပဲ ဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။

ကာကွယ်ရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးဝေလွင်က တပ်မတော် ကာကွယ်ရေး အသုံးစရိတ်များကို လွှတ်တော်က ဖြတ်တောက်မည် စိုးရိမ်သောကြောင့် ယင်းသို့ ပြောဆိုသည်ဟု ယူဆရကြောင်း တပ်မတော်တွင် ၁၈ နှစ် တာဝန်ထမ်းဆောင်ဖူးသူ NLD ပါတီ မိတ္ထီလာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းထိန်က သုံးသပ်သည်။

၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်အတွက် ကာကွယ်ရေးဝန်ကြီးဌာနမှ အသုံးစရိတ် ကျပ် ၂၂၈၂ ဘီလီယံကို တောင်းထားပြီး အဆိုပါ ငွေကြေး များကို ပြည်ထောင်စု လွှတ်တော်က စိစစ်လာပါက သက်ဆိုင်ရာ ဘဏ္ဍာငွေစာရင်း အသုံးစရိတ် ရေးဆွဲသူများက လွှတ်တော်သို့ လာရောက် ရှင်းလင်း ပေးသွားမည် ဖြစ်ကြောင်း ဒုတိယ ဗိုလ်ချုပ်ကြီးဝေလွင်က ဆိုသည်။ 

အဆိုပါ ကာကွယ်ရေးဝန်ကြီးဌာနအတွက် တောင်းခံသည့် ဘဏ္ဍာငွေကို နိုင်ငံတော် ဘဏ္ဍာရေး ကော်မရှင်မှ အဆင့်ဆင့် ဖြတ်တောက်ထားပြီး ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောဆိုသည်။ 

လတ်တလောတွင် နိုင်ငံတကာနှင့် မြန်မာနိုင်ငံ၏ ပတ်ဝန်းကျင် နိုင်ငံများတွင် ဖြစ်ပေါ်နေသော နိုင်ငံရေး အခြေအနေများအရ နိုင်ငံတော်၏ ကာကွယ်ရေးလုပ်ငန်း စီမံကိန်းသည် အရေးကြီးသော ကိစ္စဖြစ်ကြောင်း ၎င်းကပြောကြားသည်။

ကာကွယ်ရေး ဝန်ကြီးဌာနသည် အခြားဝန်ကြီးဌာနများ ကဲ့သို့ ငွေကြေး အကျိုးအမြတ်ကို လက်ဆုတ်လက်ကိုင် မပြနိုင်သော်လည်း နိုင်ငံတော် စီးပွားဖွံ့ဖြိုး တိုးတက်ရေးအတွက် သွယ်ဝိုက်သော နည်းဖြင့် ပံ့ပိုးဆောင်ရွက်နေခြင်း ဖြစ်ကြောင်း ဒုတိယ ဗိုလ်ချုပ်ကြီးဝေလွင်က လွှတ်တော်အတွင်း ရှင်းလင်း ပြောကြားခဲ့သည်။

The Voice Weekly

0 comments:

Post a Comment