Tuesday, January 14, 2014

ထိုင်းအစိုးရ ထောက်ခံသူများ ဆန္ဒပြ

အစိုးရ ဆန့်ကျင်တဲ့ ဆန္ဒပြသမားတွေ ဘန်ကောက်ကို ပိတ်ဆို့ရေး ဆန္ဒပြနေချိန်မှာပဲ အစိုးရ ကို ထောက်ခံတဲ့ ရှပ်နီအဖွဲ့တွေလည်း သူတို့ လွှမ်းမိုးထားတဲ့ နယ်မြေတွေမှာ ဆန္ဒပြနေကြပါ တယ်။
အစိုးရ ဆန့်ကျင်တဲ့ ဆန္ဒပြသမားတွေ ဘန်ကောက်မြို့က ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးနဲ့ တရားရေးဝန်ကြီးဌာနအနီးမှာ စုရုံးနေကြပါတယ်။

တချို့က ယာယီတဲတွေကို ပြင်ထားကြသလို တချို့ကတော့ ပလတ်စတစ်ဖျာတွေကို ခင်းပြီး ထိုင်ကြပါတယ်၊ ၀ီစီတွေကို မှုတ်ရင်း ဆန္ဒပြကြပါတယ်။ ဆန္ဒပြသမားတွေကို ကျွေးမွေးနိုင်ဖို့ ယာယီစားဖိုဆောင်တွေကိုလည်း ပြင်ထားကြပါတယ်။

စားဖိုဆောင်ကို တာဝန်ယူတဲ့ ဦးပဉ္ဖင်းတပါးကတော့ အသား ၁ တန်နဲ့ ကြက်ဥ ၁ သောင်း၊ ဟင်းသီးဟင်းရွက်တွေကို ၁ ရက်အတွက် ပြင်ဆင်ထားတယ်လို့ ပြောပါတယ်။ ရိက္ခာတွေ အားလုံးကို ဆန္ဒပြသမားတွေကို ထောက်ခံသူတွေက လှူဒါန်းထားကြတာ ဖြစ်ပါတယ်။

ဆရာဝန်တွေနဲ့ သူနာပြုတွေကလည်း ဆန္ဒပြသမားတွေကို စောင့်ရှောက်ပေးဖို့ အလုပ်တွေကို ပစ်ပြီး ဆန္ဒပြတဲ့နေရာကို ရောက်နေကြပါတယ်။

တချို့ဆန္ဒပြသမားတွေက သက်ဆင်ကို အစဉ်အလာ ထောက်ခံကြတဲ့ အရှေ့မြောက်ပိုင်းက လာကြပါတယ်။ စားသောက်ကုန်ဆိုင်ခန်း ပိုင်ရှင်တယောက်တော့ အရင်တုန်းက သက်ဆင် ကို ထောက်ခံခဲ့ပေမယ့် သက်ဆင်ရဲ့ အဂတိလိုက်စားမှု သတင်းဆိုးတွေ ထွက်ခဲ့တဲ့ နောက်ပိုင်း မှာ မဲပေးတဲ့အခါ ပယ်မဲဖြစ်အောင် လုပ်ခဲ့တယ်လို့ ပြောပါတယ်။

တချိန်တည်းမှာပဲ အစိုးရကို ထောက်ခံတဲ့ ဆန္ဒပြသမားတွေကလည်း ဘန်ကောက်ကနေ ကီလိုမီတာ ၈၀ လောက်ဝေးတဲ့ အယုဒ္ဓယ၊ နိုင်ငံမြောက်ပိုင်းနဲ့ အရှေ့မြောက်ခရိုင်တွေမှာ ဆန္ဒပြ နေကြ ပါတယ်။

အစိုးရ ဆန့်ကျင်တဲ့ ဆန္ဒပြသမားတွေနဲ့ ပဋိပက္ခ မဖြစ်အောင်လို့ ဘန်ကောက်မှာ ဆန္ဒမပြတာ ပါ လို့ ရှပ်နီအဖွဲ့ ဆန္ဒပြခေါင်းဆောင် တီဒါက ပြောပါတယ်။

ဆန္ဒပြသမားတွေကြားမှာ ပဋိပက္ခ ဖြစ်လို့ စစ်တပ်က ၀င်လာတာမျိုး မဖြစ်ချင်ဘူးလို့ ပြောပါ တယ်။

ဘန်ကောက်မြို့ပေါ်မှာတော့ ပြီးခဲ့တဲ့ ဇန်န၀ါရီ ၁၃ ရက်နေ့က ဆန္ဒပြပွဲတွေဟာ ငြိမ်းချမ်းခဲ့ ပါတယ်။

အစိုးရကို ဆန့်ကျင်သူတွေနဲ့ ကန့်ကွက်သူတွေကြားမှာ ထိပ်တိုက်တွေ့တာမျိုး မဖြစ်ခဲ့ပါဘူး။

ဒီဗွီဘီ

0 comments:

Post a Comment