Wednesday, January 15, 2014

သဘာဝဓာတ်ငွေ့ ကုဗပေသန်း ၂၀၀ ကျော် လာမည့် ဘဏ္ဍာနှစ်တွင် နေ့စဉ်ထပ်တိုးဖြန့်မည်

ပြည်တွင်းသုံး သဘာဝဓာတ်ငွေ့ လိုအပ်မှု မြင့်တက်နေသောကြောင့် သဘာဝဓာတ်ငွေ့ ကု ဗပေသန်းပေါင်း ၂၀၀ ကျော်ကို ၂၀၁၄ -၂၀၁၅ ဘဏ္ဍာရေးနှစ်မှ စတင်ကာ နေ့စဉ်ထပ်မံတိုးမြှင့် ဖြန့်ဖြူးပေးမည် ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဇေယျာအောင် က ပြောကြားသည်။

ဇန်နဝါရီလ ၁၄ ရက်နေ့တွင် ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြည်ထောင်စု အဆင့် ဝန်ကြီးများက ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် အမျိုးသား စီမံကိန်းနှင့် ပတ် သက်ပြီး ရှင်းလင်း တင်ပြရာတွင် ၎င်းကယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

၂၀၁၃ -၂၀၁၄ ဘဏ္ဍနှစ်တွင် နေ့စဉ် သဘာဝဓာတ်ငွေ့ ကုဗပေသန်း ၂၇၀ ဖြန့်ဖြူး ပေးနေသော် လည်း လုံလောက်ခြင်း မရှိသောကြောင့် ၂၀၁၄ -၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် သဘာဝ ဓာတ်ငွေ့ ကုဗပေ ၄၇၅ သန်း ဖြန့်ဖြူးသွားမည် ဖြစ်ကြောင်း ဦးဇေယျာအောင်က ရှင်းပြသည်။  “ပြည်တွင်းမှာသုံးတဲ့ သဘာဝဓာတ်ငွေ့ လိုအပ်မှုတွေ မြင့်တက်လျက် ရှိနေပါတယ်” ဟု ၎င်းကဆိုသည်။ 

ပြည်တွင်း၌ အသုံးပြုရန်အတွက် ရွှေသဘာဝဓာတ်ငွေ့မြေမှ ကုဗပေသန်း ၆၀ ကို လည်းကောင်း၊ ရတနာ သဘာဝဓာတ်ငွေ့မြေမှ ကုဗပေသန်း ၅၀ ကို လည်းကောင်း၊ ဇောတိက သဘာဝဓာတ်ငွေ့မြေမှ ကုဗပေ သန်း ၄၀ ကိုလည်းကောင်း သဘာဝဓာတ်ငွေ့များကို နေ့စဉ်တိုးမြှင့် ထုတ်ယူမည် ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာနထံမှ သိရသည်။

မြန်မာနိုင်ငံ၏ အဓိက မြို့ကြီးများတွင် ခရီးသည်တင်ယာဉ်၊ ကုန်တင်ယာဉ်နှင့် အငှားယာဉ် အများစုမှာ သဘာဝဓာတ်ငွေ့ကို အသုံးပြုကြသည် ဖြစ်ရာ သဘာဝဓာတ်ငွေ့ လိုအပ် ချက်ကြောင့် အငှားယာဉ် နှင့် ကုန်တင်ယာဉ်များ သဘာဝဓာတ်ငွေ့ ပြောင်းလဲခွင့်ကို လတ်တလော ပိတ် ထားသည်။

လာမည့် နှစ်တွင် သဘာဝဓာတ်ငွေ့ တိုးမြှင့် ဖြန့်ဖြူးမည် ဆိုပါက အငှားယာဉ်များနှင့် ကုန်တင်ယာဉ်များ သဘာဝဓာတ်ငွေ့ ပြောင်းလဲ တပ်ဆင်ခွင့် ပြန်လည် ခွင့်ပြုဖွယ် ရှိကြောင်း အစိုးရနှင့် နီးစပ်သူများထံမှ သိရသည်။

The Voice Weekly

0 comments:

Post a Comment