Friday, January 17, 2014

၂၀၁၅အမီ အာဆီယံရည်မှန်းချက်များ ပြည့်မီရန် ၈၀ရာခိုင်နူန်း အကောင်အထည်ဖော်ပြီးဖြစ်ဟုဆို

Photo: အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ သီးသန့်အစည်းအဝေးဖွင့်ပွဲကို ဇန်န၀ါရီလ ၁၇ ရက် နံနက် ၉ နာရီတွင် ပုဂံမြို့ ရွှေနန်းတော် ဟိုတယ် နန်းမြင့်မျှော်စင်တွင် ကျင်းပခဲ့စဉ်။ (ဓာတ်ပုံ- ငြိမ်သစ်ညီ) အစည်းအဝေးဖွင့်ပွဲတွင်
မြန်မာနိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီး ဦဝဏ္ဍမောင်လွင်က မြန်မာနိုင်ငံက အာဆီယံဥက္ကဌအဖြစ်တာဝန်ယူဆောင်ရွက်သည့်အချိန်တွင် ၂၀၁၅ အလွန် အာဆီယံရည်မှန်းချက်များ ချမှတ်နိုင်ရေးကိုလည်း ဦးစားပေး ဆောင်ရွက်သွားမည်ဟု ထည့်သွင်းပြောကြားခဲ့သည်။
အာဆီယံနိုင်ငံများ ပေါင်းစည်းရန်အတွက် အာဆီယံအသိုက်အဝန်းကို ထူထောင်ရာတွင် အဓိက ကဏ္ဍသုံးခုဖြစ်သည့် အာဆီယံ လုံခြုံရေးအသိုက်အဝန်း (APSC)၊ အာဆီယံ စီးပွားရေး အသိုက်အဝန်း (AEC)၊ အာဆီယံ လူမှုရေးအသိုက်အဝန်း (ASCC) ဆိုင်ရာများကို အာဆီယံနိုင်ငံများအနေဖြင့် ၈၀ရာခိုင်နူန်း အကောင်အထည်ဖော် ဆောင်ရွက်ပြီးဖြစ်ကြောင်း အာဆီယံအတွင်းရေးမှူးချုပ်ရုံးက တာဝန်ရှိသူတစ်ဦးက ပြောသည်။

"ဒီကဏ္ဍတွေအတွက် ချမှတ်ထားတဲ့အစီအစဉ် ကျန်တဲ့ ၂၀ ရာခိုင်နူန်းကို ၂၀၁၄ခုနှစ်မှာ အရှိန် အဟုန်မြှင့်ဆောင်ရွက်ရမှာပါ။ ဒါ့ကြောင့်လည်း ၂၀၁၄ ခုနှစ်က မြန်မာနိုင်ငံအတွက်ရော၊ အာဆီယံအတွက်ရော အရေးကြီးတဲ့နှစ် တစ်ခုဖြစ်ပါတယ်"ဟု အာဆီယံအတွင်းရေးမှူး ချုပ်ရုံးက အထွေထွေအတွင်းရေးမှူးချုပ် Mr.Le Luang Minhက ဇန်န၀ါရီလ ၁၇ ရက်က ပုဂံမြို့ ရွှေနန်းတော် ဟိုတယ်၊ နန်းမြင့်မျှော်စင်တွင် ကျင်းပသော သတင်းစာရှင်းလင်းပွဲ တွင်ပြောသည်။

၎င်းက အာဆီယံစီးပွားရေးအသိုက်အဝန်း (AEC) ကို ၂၀၁၅ ခုနှစ်တွင် ရည်မှန်းချက်အတိုင်း ပြည့်မီနိုင်မည်ဟု ပုဂံတွင် ကျင်းပနေသော အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး အပြီးတွင် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဍမောင်လွင်က နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးတွင် အာဆီယံအနေဖြင့် ၂၀၁၅တွင် ချမှတ်ထားသော ရည်မှန်းချက်အတွက် ရှေ့ဆက်ရမည်လုပ်ငန်းစဉ်များ၊ လူထုအသိုက်အဝန်း ထူထောင်မှု လုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ခြင်းများ စသည်တို့အပါအဝင် ၂၀၁၄ ခုနှစ်တွင် အာဆီယံ က ဦးစားပေး လုပ်ဆောင်ရမည့် အရာများကို ဆွေးနွေးခဲ့သည်ဟု ပြောသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာဆီယံရေးရာညွန်ကြားမှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်ထူးက အာဆီယံ အသိုက်အဝန်းထူထောင်ရာတွင် အာဆီယံစီးပွားရေး အသိုက် အဝန်း သည် အခြားကဏ္ဍများထက် ရှေ့ရောက်နေသော ကဏ္ဍဖြစ်သည်ဟု ဆိုသည်။

"အာဆီယံ အသိုက်အဝန်းထူထောင်ရာမှာ မြန်မာကလည်း အခြားအာဆီယံနိုင်ငံ များနှုန်းထက် မနိမ့်ဘဲ အကောင်အထည်ဖော်နိုင်ပါမယ်"ဟု ၎င်းက ပြောသည်။

"အာဆီယံနဲ့ ပြင်ပနိုင်ငံတွေရဲ့ ဆက်သွယ်ရေးလုပ်ငန်းတွေကို ပိုမိုခိုင်မာလာဖို့ နည်းနည်း လမ်းတွေ နဲ့ ၂၃ ကြိမ်မြောက် အာဆီယံ အစည်းအဝေးက ချမှတ်ထားတဲ့ အာဆီယံခေါင်းဆောင်တွေ ရဲ့ ထုတ်ပြန်ကြေငြာချက်တွေအပေါ် မူတည်ပြီး ၂၀၁၅အလွန် အာဆီယံ ရဲ့ ရည်မှန်းချက်တွေကို ချမှတ်နိုင်ဖို့လည်း ဆွေးနွေးခဲ့ပါတယ်" ဟု ဦးဝဏ္ဍမောင်လွင် ကပြောသည်။

အာဆီယံနိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးများအနေဖြင့် လက်ရှိဖြစ်ပေါ်နေသော တောင်တရုတ် ပင်လယ် အရေးပေါ် စိုးရိမ်မှုများရှိနေသည်။ ဝန်ကြီးများအနေဖြင့် တောင်တရုတ် ပင်လယ် အရေးနှင့် ပတ်သက်ပြီးချမှတ်ထားသော မူဝါဒ ၆ချက်ကို အားပေးပြောဆိုခဲ့ကြသည်။ တောင် တရုတ် ပင်လယ်နှင့် ပတ်သက်ပြီး ရေကြောင်းလုံခြုံရေးကဏ္ဍ၊ တောင်တရုတ် ပင်လယ်ပေါ် တွင် လေယာဉ် ပျံသန်းရေးဆိုင်ရာ ကိစ္စရပ် စသည်တို့အပါအ၀င် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှု ကို ရေရှည်တည်တံလာစေရန် အရေးကြီးသည်ဟုလည်း ဆိုသည်။ 

(မဇ္ဈိမသတင်းဌာန)

0 comments:

Post a Comment