မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးရေး လုပ်ငန်းများ အကောင်အထည် ဖော်ရာတွင် အစိုးရ၏ လုပ်ထုံး လုပ်နည်းများ ရှင်းလင်းတိကျမှု မရှိသေးခြင်းကြောင့် နှောင့်နှေး ကြန့်ကြာမှုများ ဖြစ်နေကြောင်း အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာကံဇော်က ပြောကြားသည်။
ဗီဇာပေးခြင်း၊ ခွင့်ပြုချက်ပေးခြင်း များတွင်လည်း ရှင်းလင်းမှု မရှိခြင်းမှာ အစိုးရ၏ အဓိက ပြဿနာ ဖြစ်ကြောင်း နေပြည်တော်တွင် ပြုလုပ်သော ဒုတိယအကြိမ် မြန်မာနိုင်ငံ ဖွံ့ဖြိုး တိုးတက်မှု ပူးပေါင်း ဆောင်ရွက်ရေး ဖိုရမ်တွင် ၎င်းက ပြောဆိုသည်။ “ဖွံ့ဖြိုးရေးအတွက် အကောင်အထည် ဖော်နေကြတဲ့ အစိုးရနဲ့ ဖွံ့ဖြိုးရေး မိတ်ဖက်တွေကြား နားလည်မှု ပြဿနာကြောင့် အကောင်အထည် ဖော်တဲ့အခါ နှောင့်နှေး ကြန့်ကြာမှာပါ” ဟု ဒေါက်တာ ကံဇော် က ဆိုသည်။
ပထမအကြိမ် ပြုလုပ်ခဲ့သော အဆိုပါဖိုရမ် အပြီးတွင် တိုးတက်မှု အများအပြားကို တွေ့ရပြီး ယခုနှစ် ပိုမိုကောင်းမွန် မြန်ဆန်စွာ ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်နိုင်မည် ဖြစ်သော်လည်း မြန်မာ အစိုးရဘက်က ထည့်သွင်း စဉ်းစားရမည့် အချက်များလည်း ရှိကြောင်း USAID မှ ကိုယ်စားလှယ် Mr. Chris က ဆိုသည်။
“အစိုးရအနေနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်း လုပ်နေတဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေကို ရိုးရှင်းလွယ် ကူပြီး Consistent Registration (သင့်လျော်သည့် မှတ်ပုံတင်ခြင်း) ဖြစ်ဖို့ လိုပါတယ်။ မတူညီတဲ့ လိုအပ်ချက်တွေနဲ့ မတူညီတဲ့ ဝန်ကြီးဌာနတွေမှာ မှတ်ပုံတင်နေရတဲ့အတွက် လုပ်ငန်း အကောင်အထည် ဖော်မှုပိုင်းမှာ နှောင့်နှေးစေတယ်” ဟု ၎င်းကဆိုသည်။
မြန်မာနိုင်ငံ၏ လူ့စွမ်းအား အရင်းအမြစ် စွမ်းဆောင်ရည် မြင့်တက်လာရန် အသိပညာပေး လုပ်ငန်းများကို ငွေကြေး ထောက်ပံ့မှုများ ပြုလုပ်လျက်ရှိပြီး ၂၀၁၁ ခုနှစ်ထက် သုံးဆ ပိုမို များပြား လာသော်လည်း ပိုမိုလုပ်ဆောင်ရန် လိုအပ်နေသေးကြောင်း Myanmar Education Research Bureau မှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမျိုးသိန်းကြီးက ပြောကြားသည်။
ဒုတိယအကြိမ် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်း ဆောင်ရွက်ရေး ဖိုရမ်ကို နေပြည်တော် တွင် နှစ်ရက်ကြာ ကျင်းပခဲ့ပြီး ၂၀၁၃ ခုနှစ်က ချမှတ်ခဲ့သော နေပြည်တော် သဘောတူညီကို အကောင်အထည် ဖော်နိုင်ရန်၊ လုပ်ငန်း အစီအစဉ်ကို အပြီးသတ် ရေးဆွဲရန် မြန်မာအစိုးရနှင့် ဖွံ့ဖြိုးမှုမိတ်ဖက် အဖွဲ့အစည်းအားလုံးက ကတိပြုထားကြောင်း အဆိုပါ ဖိုရမ် နောက်ဆုံးရက် တွင် သတင်းထုတ်ပြန်သည်။
The Voice Weekly
0 comments:
Post a Comment