Wednesday, January 8, 2014

ထောင်တွင်း အစာငတ်ခံဆန္ဒပြခဲ့သူ ကျောင်းပြန်တက်ခွင့်ရ

ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ပေါင်းတည် အကျဉ်းထောင်၌ ဒီဇင်ဘာလအတွင်း ၁၁ ရက်ကြာ အစာငတ်ခံ ဆန္ဒပြခဲ့သူ တစ်ဦးဖြစ်သည့် ကိုသန့်ဇင်ထက်ကို ကျောင်းပြန်တက်ခွင့် ပြုရန် ဇန်နဝါရီလ ၇ ရက်နေ့က ဆုံးဖြတ်ချက် ချခဲ့ကြောင်း ပြည်တက္ကသိုလ်ထံမှ စုံစမ်းသိရှိရသည်။
“ဒီနေ့ အစည်းအဝေးထိုင်ပြီး ဆုံးဖြတ်ချက် ချလိုက်တယ်။ သူ့ကို ကျောင်းတက်ခွင့် ပေးလိုက်ပါပြီ” ဟု ပြည်တက္ကသိုလ် တာဝန်ခံ ပါမောက္ခချုပ်က ဆိုသည်။

ကိုသန့်ဇင်ထက်မှာ ဒုတိယနှစ် အင်္ဂလိပ်စာ ကျောင်းသားဖြစ်ပြီး ဒုတိယ စာသင်နှစ်ဝက် အရောက်တွင် ပေါင်းတည်ထောင်၌ အသင်းအဖွဲ့များ ဖွဲ့စည်းခြင်း ဆိုင်ရာ ပုဒ်မ (၆) နှင့် စီတန်း လှည့်လည်ခြင်း ဆိုင်ရာ ပုဒ်မ (၁၈) တို့ဖြင့် ခြောက်လကျော်ခန့် အချုပ်ကျခဲ့ခြင်း ဖြစ်သည်။

“ဒီဇင်ဘာလ ၂၅ ရက်က ကျောင်းပြန်အပ်တော့ ရဲစခန်းက ပြစ်မှုမမြောက်ကြောင်း ထောက်ခံစာ တောင်းတယ်။ ဒီဇင်ဘာလ ၃၁ ရက်နေ့မှာ မြို့နယ်၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေဆီက နိုင်ငံရေး လှုပ်ရှားမှု မရှိကြောင်း ထောက်ခံစာ ထပ်တောင်းတယ်။ ကျောင်းသား တစ်ယောက် အနေနဲ့ နိုင်ငံရေး လုပ်ကိုင်ခွင့်ရှိလို့ မပေးနိုင်ဘူးလို့ ပြန်ပြောတော့မှ အစည်းအဝေး ပြန်လုပ်ပြီး ကျောင်းပြန်တက်ခွင့် ပေးလိုက်တာ၊ မနက်ဖြန် ကျောင်းပြန်တက်မယ်” ဟု ဒုတိယနှစ်တက်ရန် ပြန်လည်ကျောင်း လျှောက်ထားသူ ကိုသန့်ဇင်ထက်က ဆိုသည်။

ကိုသန့်ဇင်ထက်မှာ နတ္တလင်းမြို့နယ်၊ လက်ပံပါးပျဉ် ကျေးရွာ၊ ချောင်းကန်းကြီး ကျေးရွာတို့တွင် အသိမ်းဆည်းခံ လယ်သမားများ ထွန်တုံးတိုက်ပွဲ ဆင်နွှဲသည်ကို အားပေး ကူညီခဲ့သည့်အတွက် ပုဒ်မ (၆)၊ ပုဒ်မ (၁၈)တို့ဖြင့် ပေါင်းတည်ထောင်တွင် အချုပ်ကျခဲ့ကာ အမှုများအတွက် စွဲချက် ပယ်ဖျက်ခံရပြီး ဒီဇင်ဘာ ၂၄ ရက်နေ့က လွတ်မြောက်ခဲ့ခြင်း ဖြစ်သည်။

The Voice

0 comments:

Post a Comment