Thursday, January 30, 2014

မောင်တောမြို့ ဒုချီးရားတန်းအနောက်ရွာ၌ မီးလောင်မှုဖြစ်ပွား သတင်းမှား ထုတ်လွှင့်ခြင်းများမဖြစ်စေရေးအတွက် ခရိုင်၊ မြို့နယ်ရှိ တာဝန်ရှိသူများထံ ဆက်သွယ်မေးမြန်းနိုင်ကြောင်း သတင်းထုတ်ပြန်ထား

မောင်တောမြို့နယ် ဒုချီးရားတန်းအနောက်ကျေးရွာ၌ ဇန်နဝါရီ ၂၈ ရက် ည ၈ နာရီ ၄၅ မိနစ်ခန့်တွင် မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မီးလောင်မှုဖြစ်ပွားရာနေရာသို့ ရဲတပ်ရင်းများ ကွပ်ကဲရေးအဖွဲ့မှ ရဲတပ်ဖွဲ့မှူး၊ မောင်တောခရိုင်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မျိုးမင်း၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာအုပ်ချုပ်ရေးမှူးများ လာရောက်ငြှိမ်းသတ်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုမှာ ဒုချီးရားတန်းအနောက်ရွာနေ အဘူဖွေယာ့ (၅ဝ)နှစ် (ဘ) ကာဆိမ်း၏နေအိမ်မှ စတင် မီးလောင်ကျွမ်း၍ မီးငြှိမ်းသတ်နေစဉ် တောင်ဘက် ကိုက် ၁၅ဝ အကွာ အဏ္ဏဝါဆလာမ် (၅ဝ)နှစ် (ဘ) ဆီရာဇူ၏ အိမ် ထပ်မံမီးလောင်သည့်အတွက် မီးငြှိမ်းသတ်ရန်သွားစဉ် ဘင်္ဂလီလူမျိုး ငါးဦးခန့် ထွက်ပြေးသွားသည်ကို တွေ့ရှိခဲ့ရကြောင်း သိရသည်။

မီးလောင်မှုဖြစ်စဉ်တွင် အိမ်များ ထူထပ်ခြင်း၊ သက်ငယ်၊ ဝါးများဖြင့် ဆောက်လုပ် ထားခြင်းကြောင့် နေအိမ်အကြီး လေးလုံး၊ အိမ်သေး ၁၂ လုံး စုစုပေါင်း ၁၆ လုံး မီးလောင် ဆုံးရှုံးသွားခဲ့ပြီး လူသေဆုံးမှု၊ ထိခိုက်ဒဏ်ရာ ရရှိမှုမရှိကြောင်း၊ မီးရှို့မှုဖြစ်စဉ်အား တပ်ဦးချောင်း ကျေးရွာအုပ်ချုပ်ရေးမှူးက တရားလိုပြုလုပ်ကာ မီးရှို့သွားခဲ့သူများအား အမှုဖွင့် တိုင်ကြားခဲ့သဖြင့် မောင်တောရဲစခန်းမှ (ပ)၁၉/၂ဝ၁၄၊ ပုဒ်မ-၄၃၆ ဖြင့် အမှုဖွင့် ဆောင်ရွက်လျက် ရှိသည်။

မီးလောင်မှုဖြစ်ပွားသည့် ကျေးရွာအနီးတွင် ရခိုင်တိုင်းရင်းသားကျေးရွာများ မရှိဘဲ ဘင်္ဂလီရွာများသာ ရှိကြောင်း၊ ၎င်းတို့ကိုယ်တိုင် ၎င်းတို့အိမ်များကို မီးရှို့ပြီး ထွက်ပြေး၍ ဖြစ်စဉ်အား ပုံကြီးချဲ့ကာ သတင်းမှားထုတ်လွှင့်ခြင်းများ မဖြစ်စေရေးအတွက် သတင်းအချက်အလက် များအား သက်ဆိုင်ရာခရိုင်/မြို့နယ်ရှိ တာဝန်ရှိသူများ သို့ ဆက်သွယ်မေးမြန်းနိုင်ပါကြောင်း ပြည်နယ်အစိုးရက သတင်းထုတ်ပြန်ထားသည်။

(ပြည်နယ်ပြန်/ဆက်)

မြ၀တီ

0 comments:

Post a Comment