Wednesday, January 8, 2014

အစိုးရ၀န်ထမ်းလစာတိုးရန်ရှိ၊ ငွေကြေးဖောင်းပွမှုကာကွယ်ရန် စီးပွားရေးပညာရှင်များ သတိပေး

အစိုးရ၀န်ထမ်းများ၏ လစာငွေကို လာမည့် ၂၀၁၄-၁၅ ဘဏ္ဍာနှစ်တွင် ကျပ်နှစ်သောင်း တိုးမြှင့်ရန် လျာထားကြောင်း သမ္မတဦးသိန်းစိန်က ဇန်န၀ါရီလ ၇ ရက်က သမ္မတအိမ်တော် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးခန်းမတွင် ပြုလုပ်သော ဘဏ္ဍာရေးကော်မရှင်အစည်းအဝေးတွင် ပြောကြားလိုက်သည်။

“နိုင်ငံ့ဝန်ထမ်းများ၏လစာငွေကို ကျပ် ၂၀,၀၀၀ တိုးမြှင့်ပေးရန်နှင့် ပင်စင်လစာနှင့် ဆုကြေးများကိုလည်း အချိုးကျ တိုးမြှင့်ပေးရန် ထည့်သွင်းလျာထားပါကြောင်း ပြောကြားလိုပါတယ်”ဟု သမ္မတက ပြောသည်။

ဝန်ထမ်းလစာတိုးခြင်းကို အများစုကကြိုဆိုကြသော်လည်း ငွေကြေးဖောင်းပွမှုမရှိစေရန်နှင့် ကုန်ဈေးနှုန်း တိုးမြှင့်ခြင်းကို ကာကွယ်ရန် အစိုးရအနေဖြင့် မဟာဗျူဟာများဖြင့် စီမံဆောင်ရွက်သင့်သည်ဟု လွှတ် တော်ကိုယ်စားလှယ်တချို့နှင့် စီးပွားရေးပညာရှင်တချို့က အကြံပြုကြသည်။

“သမ္မတကြီးနဲ့ အစိုးရအဖွဲ့ရဲ့ စေတနာကို အင်မတန်မှ ချီးကျူးရပါမယ်။ တစ်ဖက်ကလည်း ပေးကားပေး ၏ မရ ဆိုတာမျိုး မဖြစ်အောင် အစိုးရအနေနဲ့ ဈေးနှုန်းတွေ ထိန်းပြီး ငွေကြေးဖောင်းပွမှုမရှိအောင် လုပ် သင့်တယ်”ဟု စီးပွားရေးပညာရှင် ဦးမော်သန်းက မဇ္ဈိမကို ပြောသည်။

အစိုးရ၀န်ထမ်း ရဲအရာရှိတစ်ဦးကလည်း “အတိအလင်း သတင်းရရင်တော့ အတိုင်းအထက်အလွန်ပေါ့ ဗျာ၊ ၀မ်းသာလွန်းလို့”ဟု ဆိုသည်။ လစာနှုန်းထားများ တိုးမြှင့်မည်ဆိုသောသတင်းကြောင့် ကုန်ဈေးနှုန်းများ ထိုးတက်သွားမည်ကို စိုးရိမ်နေရပြီး လက်ရှိတွင်ပင် ကုန်ဈေးနှုန်းတက်ခြင်းနှင့် ရင်ဆိုင်နေရသည်ဟု အိမ်ရှင်မတစ်ဦးက ပြောသည်။

“၀န်ထမ်းလစာတွေ တိုးမယ်ဆိုရင် ကုန်ဈေးနှုန်းကတော့ တက်မှာပဲ။ တက်တော့ သူတို့ပေးတဲ့ လစာနဲ့ မထူးပါဘူး”ဟု ပုဇွန်တောင်မြို့နယ်တွင် လက်ဖက်ရည်ဆိုင်ဖွင့်ထားသည့် အိမ်ရှင်မတစ်ဦးဖြစ်သူ ဒေါ်ခင်စန်းနွယ်က ပြောသည်။

“လစာတိုးတဲ့အခါမှာ ငွေကြေးဖောင်းပွမှုမဖြစ်ဖို့က အကျင့်ပျက်ဝန်ထမ်းတွေရဲ့ ငွေကြေး ပိုမိုသုံးစွဲမှုက လည်း အခရာကျတယ်”ဟု သီပေါမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းကဆိုသည်။

စီးပွားရေးပညာရှင် ဦးမော်သန်းကလည်း “ငွေကြေးဖောင်းပွမှုမျိုး မဖြစ်အောင် ဘာလုပ်နိုင်လဲဆိုတော့ ကျန်တာတွေကနေ အစိုးရအသုံးစရိတ်တွေ များမသွားအောင်သုံးဖို့လိုတယ်။ တစ်ဖက်က ၀န်ထမ်းတွေ အနေနဲ့ ပိုတဲ့လောက်တဲ့သူတွေအဖို့ စုဆောင်းငွေအဖြစ် ဖြစ်အောင် ဆွဲဆောင်ပေးဖို့လိုတယ်။ ငွေကြေး ပေါ်လစီတွေအနေနဲ့လည်း ငွေကြေးဖောင်းပွမှုမရှိအောင် လုပ်ဖို့လိုပါတယ်”ဟု ပြောသည်။

လက်ရှိတွင် အစိုးရပညာရေးဝန်ထမ်းများ၏ အခြေခံလစာသည် အောက်ခြေလုပ်သား တစ်ဦးအတွက် ကျပ် ၆၀,၀၀၀၊ မူလတန်းပြဆရာမ၊ ရုံးစာရင်းစစ်တစ်ဦးအတွက် ကျပ် ၆၇,၀၀၀၊ အလယ်တန်းပြတစ်ဦး အတွက် ကျပ် ၇၃,၀၀၀၊ အထက်တန်းပြတစ်ဦးအတွက် ကျပ် ၇၉,၀၀၀၊ အလယ်တန်းနှင့် အထက်တန်း ကျောင်းအုပ်တစ်ဦး၏ လစာသည် ကျပ် ၁၂၀,၀၀၀ ဖြစ်သည်။

Mizzima - News in Burmese

0 comments:

Post a Comment