Wednesday, January 15, 2014

စိုက်ပျိုးရေးလုပ်ငန်းအတွက် အစိုးရ ပံ့ပိုးမှု အားနည်းခြင်းကြောင့် ကျွမ်းကျင်စိုက်ပျိုးရေး ပညာရှင်များ နည်းပါးဟုဆို

မန္တလေးတိုင်းအတွင်း စိုက်ပျိုးရေး လုပ်ငန်းအတွက် နည်းပညာနှင့် စက်ပစ္စည်းပံ့ပိုးမှုများအပြင် သုတေသန လုပ်ဆောင်ရန်အတွက် ဝန်ကြီးဌာနနှင့် တိုင်းအစိုးရအဖွဲ့မှ ပံ့ပိုးနိုင်မှု အားနည်းခြင်းကြောင့် ကျွမ်းကျင်စိုက်ပျိုးရေးပညာရှင်များ နည်းပါးလာရကြောင်း တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနရှိ နည်းပညာဌာန ဦးစီးအရာရှိ တစ်ဦးက ဇန်နဝါရီလ ၁၅ ရက် တွင် မဇ္ဈိမကို ပြောသည်။

“စိုက်ပျိုးရေးလုပ်ငန်းတွေမှာ သုံးတဲ့ မြေဆီတွေကိုလည်း ပြည်ပကတင်သွင်းတာမှာ စစ်ဆေး တာ လည်းနည်းတယ်။ စိုက်ပျိုးရေးနဲ့ ပတ်သက်တဲ့ ပညာရှင်တွေကိုလည်း လုပ်ပိုင်ခွင့်ပေး တာလည်း သက်ဆိုင်ရာက နည်းနေပါတယ်။ ဒါအပြင် မန္တလေးတိုင်းမှာ စိုက်ပျိုးနဲ့ ပတ်သက်တဲ့ စမ်းသပ်ကိရိယာ ပံ့ပိုးမှုလည်းအား နည်းပါတယ်” ဟု ဦးစီးအရာရှိက ဆိုသည်။

မြန်မာနိုင်ငံသို့ တင်သွင်းနေသော မြေဆီ၊ ပိုးသတ်ဆေးများကို စမ်းသပ်စစ်ဆေးနိုင်မှု အားနည်းခြင်း၊ မျိုးစေ့တွင် ပါဝင်လာသော မျိုးစေ့ဆောင် ရောဂါများကို စစ်ဆေးနိုင်မှု အားနည်းခြင်း၊ စိုက်ပျိုးရေးပညာရှင်များကို ပံ့ပိုးပေးမှု အားနည်းခြင်းကြောင့် စိုက်ပျိုးရေး နည်းပညာရှင်များမှာလည်း ကျွမ်းကျင်သည့် အရေအတွက်မှာ နည်းပါးလာခြင်း ဖြစ်သည်ဟုဆိုသည်။

မြန်မာနိုင်ငံအတွင်းတွင် ယခင်က စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ဆောင်ရန်အတွက် မျိုးစေ့တင်သွင်းခြင်းနှင့် လိုအပ်သောမြေဆီ၊ ပိုးသတ်ဆေးများကို စစ်ဆေးပြီးမှသာ ဖြန့်ဖြူးခွင့်ပြုခဲ့ကြောင်း၊ ယခုအခါတွင် ကုမ္ပဏီပေါင်းနှစ်ရာကျော်သို့ အဆိုပါ ပစ္စည်းများကို တင်သွင်းခွင့် ပြုထားသည်။ သို့သော် ပြည်ပမှတင် သွင်းရာတွင် အမှန်တကယ် အကျိုးရှိသော ပစ္စည်းများကို တင်သွင်းခဲ့ခြင်းဖြစ်ပြီး ပြည်တွင်းရောက်ရှိချိန်တွင် ရောနှောမှုများကို ပြုလုပ်ကြခြင်းကြောင့် ယခုကဲ့သို့အခက်အခဲများကို ကြုံတွေ့နေရခြင်း ဖြစ်ကြောင်း သိရသည်။

ထို့အပြင် စပါးစိုက်ခင်းများတွင် လက်ရှိဆစ်ပိုးကြောင့် ကြီးမားစွာ ပျက်စီးဆုံးရှုံးမှုနှင့် ကြုံတွေ့နေရခြင်း မှာလည်း ပြည်ပမှာတင်သွင်းသော မျိုးစေ့များကို စိုက်ပျိုးရေးဌာနက ထုတ်ပြန်ထားသည့် အမြဲတမ်း လုပ်ဆောင်ရမည့် နည်းပညာများကို တောင်သူများက လုပ်ဆောင်မှု အားနည်းခြင်း၊ စိုက်ပျိုးမြေများအား ပြုပြင်ထိန်းသိမ်းမှုများ လုပ်ဆောင်ကာ ပိုးမွှားဒဏ် ခံနိုင်ရည်ရှိအောင်လုပ်ဆောင်မှု အားနည်းခြင်း၊ တင်သွင်းလာသော မြေဆီများတွင် အမှန်တကယ်ပါဝင်သင့်သည့် ပမာဏထက်ဝက်ခန့် လျော့ကျ ပါဝင်နေခြင်းနှင့် တင်သွင်းလာသော မျိုးစေ့သစ်များကို စစ်ဆေးမှု အားနည်းခြင်းတို့ကြောင့် ယခုကဲ့သို့ ဆုံးရှုံးမှုနှင့်ကြုံတွေ့ရခြင်း ဖြစ်သည်။

မန္တလေးမြို့တွင်းတွင် စိုက်ပျိုးရေးလုပ်ငန်းများအတွက် စမ်းသပ်မှုလုပ်ငန်းများ လုပ်ဆောင်နိုင် သည့် အဆောက်အဦးတစ်ခုကို ၆၈ လမ်း မန္တလာသီရိ အားကစားကွင်းအနီးတွင် တည်ဆောက် ထားပြီးဖြစ်သော်လည်း စစ်ဆေးကိရိယာများ တပ်ဆင်ထားခြင်း မရှိသေးကြောင်း သိရသည်။

Mizzima - News in Burmese

0 comments:

Post a Comment