Wednesday, January 15, 2014

ပုဒ်မ (၁၈) ပြင်ဆင်ရန် လွှတ်တော်သို့ တင်သွင်းထားဟုဆို

နိုင်ငံရေး တက်ကြွလှုပ်ရှားသူများကို တရားစွဲဆို ဖမ်းဆီးနေသော ပုဒ်မတစ်ခု ဖြစ်သည့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ရေး ဥပဒေပါပုဒ်မ (၁၈)ကို ပြန်လည် ပြင်ဆင်ရန် ကျင်းပလျက် ရှိသော နဝမအကြိမ် လွှတ်တော် အစည်းအဝေးသို့ တင်သွင်းထားကြောင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် သူရဦးအောင်ကိုက ပြောကြားသည်။

ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ဥပဒေပါ ခွင့်ပြုချက် ရယူခြင်းမရှိဘဲ စီတန်းလှည့်လည်မှု ပုဒ်မ (၁၈)တွင် ထောင်ဒဏ်အစား ငွေဒဏ်သာချမှတ်ရန် ပြင်ဆင်ထားပြီး သက်ဆိုင်ရာ ရဲစခန်းတွင် ခွင့်ပြုချက် တောင်းခြင်းအစား အသိပေး အကြောင်းကြားခြင်းဟု ပြင်ဆင် ထားကြောင်း ၎င်း ကဆိုသည်။

“ဒီအချက်တွေပြင်ဖို့ အများကြီး ရုန်းကန်လှုပ်ရှားရမယ်။ ဥပဒေကြမ်း တင်သွင်းချိန်မှာ ပြည် ထဲရေးနဲ့ အုပ်ချုပ်ရေး မဏ္ဍိုင်က ကန့်ကွက်ထားတယ်။ ပြင်ဆင်တဲ့ ဥပဒေကြမ်းကို မလိုလားကြဘူး” ဟု ၎င်းက ပြောကြားသည်။

ပုဒ်မ ၁၈ ကို ပြင်ဆင်၍ ဖြေလျှော့ လိုက်သော်လည်း နိုင်ငံရေးတက်ကြွ လှုပ်ရှားသူများကို ၁၉၅၀ ပြည့်နှစ် အရေးပေါ် စီမံမှုဥပဒေပုဒ်မ ၅ (ည)၊ နိုင်ငံတော် နှောင့်ယှက် ဖျက်ဆီး လိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ် စောင့်ရှောက်ရေး ဥပဒေ၊ အများပြည်သူ အကျိုး ပျက်စီးစေ မှု ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၅၊ ၁၂၄ (က) နှင့် ပုဒ်မ ၁၈၈ တို့ဖြင့် ပြန်လည် ထိန်းချုပ် အရေးယူနိုင်သေးကြောင်း ၎င်းကထပ်လောင်း ပြောဆိုသည်။

အဆိုပါ ပုဒ်မ ၁၈ သည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် ဆိုင်သော ပုဒ်မ ၃၅၄ နှင့် ဆန့်ကျင်နေသောကြောင့် ဇန်နဝါရီလ ၅ ရက်နေ့တွင် ၈၈ မျိုးဆက် ပွင့်လင်း လူ့အဖွဲ့အစည်း အပါအဝင် အရပ်အဖွဲ့အစည်းများက ဆန္ဒ ထုတ်ဖော်ခဲ့ကြ သည်။

Mizzima - News in Burmese

0 comments:

Post a Comment