Monday, January 20, 2014

ဟံသာဝတီအ၀ိုင်း အပါအ၀င် အ၀ိုင်းအချို့ကို ဖျက်သိမ်း၍ မီးပွိုင့်ပြုလုပ်ရန် အစီအစဉ်မရှိ

ယာဉ်ကြောပိတ်ဆို့မှု လျော့နည်းပြီး ယာဉ်သွားလာမှု အဆင်ပြေစေရန် ရန်ကုန်မြို့ရှိ ဟံသာဝတီအ၀ိုင်း အပါအ၀င် အ၀ိုင်းအချို့အား ဖျက်သိမ်း၍ မီးပွိုင့်ပြုလုပ်ရန် စီစဉ်နေကြောင်း သတင်းများထွက်နေရာ အ၀ိုင်းများအား လုံးဝဖျက်သိမ်းသွားရန် အစီအစဉ်မရှိကြောင်းနှင့် အ၀ိုင်းအနီး ပတ်ဝန်းကျင်များတွင် ယာဉ်သွားလာမှု အဆင်ပြေစေရန် စီစဉ်ပေးသွားမည်ဟု ရန်ကုန်တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ခင်က ပြောကြားသည်။

ဟံသာဝတီအ၀ိုင်း အပါအ၀င် ရန်ကုန်မြို့ရှိ အ၀ိုင်းများမှာ ရှေးဟောင်းအမွေအနှစ် သဘောမျိုး ဖြစ်နေသည့်အတွက် ၎င်းတို့အား ဖျက်သိမ်းသွားရန် လုံးဝမရှိကြောင်းနှင့် ယင်းနေရာ ပတ်ဝန်းကျင်များတွင် ယာဉ်သွားလာမှု အဆင်ပြေစေရန်အတွက်သာ အစီအစဉ်များပြုလုပ်ရန် စစ်တမ်းကောက်လျက်ရှိသည်ဟု သိရသည်။

“ဟံသာဝတီအ၀ိုင်းကို လုံးဝဖျက်သိမ်းဖို့ အစီအစဉ်မရှိပါဘူး။ အခြားအ၀ိုင်းတွေလည်း ဒီလိုပါပဲ။ အဲဒါတွေက ရှေးဟောင်းအမွေအနှစ် သဘောမျိုးတွေ ဖြစ်နေတယ်လေ။ ဟံသာဝတီအ၀ိုင်းဆိုရင် ဖျက်သိမ်းမှာမဟုတ်ဘဲ အ၀ိုင်းပတ်ဝန်းကျင်မှာ ယာဉ်ပိတ်ဆို့မှုမရှိအောင် မီးပွိုင့်ငယ်လေးတွေ သဘောမျိုးသာ လုပ်ပေးဖို့အတွက် စည်ပင်က စစ်တမ်းကောက်နေတာ ရှိပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ခင်ကဆိုသည်။

အ၀ိုင်းများတွင် ယာဉ်သွားလာရာ၌ မီးပွိုင့်ကဲ့သို့ မီးစိမ်းပါက အလှည့်ကျစနစ်ဖြင့် သွားလာရခြင်းမဟုတ်ဘဲ ယာဉ်ကြောသာသည့် လမ်းကြောင်းကယာဉ်များ ပိုမိုသွားလာရခြင်းကြောင့် အချို့ယာဉ်များ တန်းစီစောင့်ဆိုင်းကာ ပိတ်ဆို့နေကြောင်း ယာဉ်မောင်းများကဆိုသည်။

ရန်ကုန်မြို့တွင် ဟံသာဝတီအ၀ိုင်း၊ ဦးဝိစာရအ၀ိုင်း၊ ဦးထောင်ဘိုအ၀ိုင်း စသည်တို့မှာ လူသိများသော အ၀ိုင်းများဖြစ်ကြပြီး လှည်းတန်းခုံးကျော်တံတား ဖွင့်လှစ်ပြီးနောက်ပိုင်း ဟံသာဝတီအ၀ိုင်းတွင် ယာဉ်ကြောကျပ်တည်းမှုများ ဖြစ်ပွားလာပြီး ဦးထောင်ဘိုအ၀ိုင်းတွင်လည်း ယခုနောက်ပိုင်း ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပွားနေသည်။

ယခင်မြောက်ဥက္ကလာပအ၀ိုင်းသည် ဟံသာဝတီအ၀ိုင်းကဲ့သို့ အ၀ိုင်းဖြစ်ပြီး ယခုနောက်ပိုင်းတွင် ယာဉ်ကြောများ ကျပ်တည်းလာခြင်းကြောင့် လမ်းချဲ့၍ အ၀ိုင်းအားဖျက်သိမ်းကာ မီးပွိုင့်ပြုလုပ်ခဲ့ကြောင်း သိရသည်။

EMG

0 comments:

Post a Comment