Tuesday, January 14, 2014

၁၃၀၀ ပြည့် အရေးတော်ပုံ စိန်ရတု အခမ်းအနားတွင် တစ်ရက်လုပ်ခ ကျပ် ၅၆၀၀ သတ်မှတ်ရန် တောင်းဆိုမည်

မြန်မာနိုင်ငံ၏ ပထမဆုံး အရေးတော်ပုံ ဖြစ်သည့် ၁၃၀၀ ပြည့် အရေးတော်ပုံ ၇၅ နှစ်ပြည့် စိန်ရတုအခမ်းအနားကို ရန်ကုန်မြို့တော်တွင် ကျင်းပမည် ဖြစ်ပြီး ယင်းအခမ်းအနားတွင် တစ်ရက် လုပ်အားခ ကျပ် ၅၆၀၀ သတ်မှတ်ပေးရန် တောင်းဆို သွားမည် ဖြစ်ကြောင်း အဆိုပါ အခမ်းအနား ကျင်းပရေး ဗဟိုလုပ်ငန်း ကော်မတီဝင် ဦးနေဝင်းစံက ပြောကြားသည်။

အဆိုပါ စိန်ရတု အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်း မြို့နယ်ရှိ MCC ခန်းမ၌ ဇန်နဝါရီ ၂၂ တွင် ကျင်းပမည် ဖြစ်ပြီး ယင်းအခမ်းအနားတွင် လုပ်သားများ လက်ရှိ ရင်ဆိုင်နေရသည့် ပြဿနာများကို အဓိကထား ဆွေးနွေးမည် ဖြစ်ကြောင်း၊ တစ်ရက်လျှင် လုပ်ခကျပ် ၅၆၀၀ သတ်မှတ်ရေးအတွက် လွှတ်တော်နှင့် လွှတ်တော်ပြင်ပ နှစ်ရပ်လုံးက ကြိုးပမ်း သွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

၁၃၀၀ ပြည့် အရေးတော်ပုံ စိန်ရတု အခမ်းအနားကို ခြောက်မြို့နယ်တွင် ကျင်းပရန် စီစဉ် ထားသည့်အနက် ချောက်၊ မကွေး၊ ပြည်၊ မင်းလှမြို့နယ်တို့တွင် ကျင်းပခဲ့ပြီး ဖြစ်ရာ ယခု ရန်ကုန်မြို့တော်တွင် ကျင်းမည် ဖြစ်ကာ မန္တလေးမြို့တော်တွင် ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် ကျင်းပမည် ဖြစ်ကြောင်း ဦးနေဝင်းစံက ပြောဆိုသည်။

ရန်ကုန်မြို့တော်တွင် ကျင်းပမည့် စိန်ရတု အခမ်းအနားကို ပန်းရဲ့လမ်းနှင့် ရွှေသံစဉ် ဂီတ အဖွဲ့များနှင့် ပူးပေါင်း၍ လက်ဖက်ရည်ဆိုင်များတွင် သီချင်း သီဆိုခြင်းများ၊ ၁၃၀၀ ပြည့် အရေးတော်ပုံ အမှတ် တံဆိပ်ပါ တီရှပ်နှင့် ဦးထုပ်များ ရောင်းချခြင်းမှ ရရှိသည့် ရန်ပုံငွေများဖြင့် ပြုလုပ်မည် ဖြစ်ကြောင်း ပွဲကျင်းပရေး ကော်မတီထံမှ သိရှိရသည်။

အဆိုပါ အခမ်းအနားတွင် ၁၃၀၀ ပြည့် အရေးတော်ပုံ မှတ်တမ်း ပြခန်းများ၊ အရေးတော်ပုံနှင့် ပတ် သက်သည့် စာတမ်းများ ဖတ်ကြားခြင်း၊ အလုပ်သမားနှင့် လယ်သမားများအရေး ကိစ္စ များကို ဝိုင်းဝန်း ဆွေးနွေးခြင်းများ ပြုလုပ်သွားမည် ဖြစ်ကြောင်း ဦးနေဝင်းစံက ပြောကြား သည်။

အဆိုပါ အခမ်းအနားကို ရန်ကုန်မြို့ရှိ အဖွဲ့ပေါင်း ၂၇ ဖွဲ့မှ ပူးပေါင်း ဆောင်ရွက်ခြင်း ဖြစ်ပြီး လူပေါင်း ၅၀၀၀ ကျော် တက်ရောက်နိုင်ရန် စီစဉ်ထားကြောင်း ပွဲကျင်းပရေး ကော်မတီထံမှ သိရှိရသည်။

The Voice Weekly

0 comments:

Post a Comment