Friday, January 17, 2014

မူဆယ်နယ်စပ်ကုန်သွယ်မှုပမာဏ အချိန်စောကာ ကျဆင်းနေ

ပုံမှန်အားဖြင့် တရုတ်နှစ်သစ်ကူးပွဲတော်မတိုင်မီ တစ်လ၀န်းကျင်တွင် မူဆယ်နယ်စပ် ကုန် သွယ်မှု ပမာဏ မြင့်တက်လေ့ရှိသော်လည်း ယခု ၂၀၁၄ ခုနှစ်တွင်မူ ကျဆင်းလျက်ရှိသည်ဟု စီးပွား/ကူးသန်းဝန်ကြီးဌာန တာဝန်ရှိသူများနှင့် ကုန်သွယ်လုပ်ငန်းရှင်များက မဇ္ဈိမသို့ ဇန်န၀ါရီ ၁၆ ရက်တွင်ပြောကြားသည်။

တရုတ်နှစ်သစ်ကူးပွဲတော်ကာလမတိုင်မီ တစ်လ၀န်းကျင်တွင် ယူနန်ပြည်နယ်နှင့် နယ်စပ်ဖြ စ်သော မူဆယ်ဒေသ၏ ကုန်သွယ်မှုပမာဏတန်ဖိုးသည် သိသာစွာမြင့်တက်မြဲဖြစ်ကာ ပွဲတော် မတိုင်မီတစ်ပတ် ခန့်အလိုမှာသာ တရုတ်ကုန်သည်များကလုပ်ငန်းရပ်နားမှုကြောင့် ကုန်သွယ်မှု ပြန်လည်ကျဆင်းတတ်မြဲ ဖြစ်သော်လည်း ၂၀၁၄ ခုနှစ်တွင်မူ ပွဲတော်မတိုင်မီ တစ်လခန့်အလိုဖြစ်သည့် ဒီဇင်ဘာလကုန်ကတည်းက ကုန်သွယ်မှုပမာဏတန်ဖိုးသည် ပုံမှန်အောက် ထက်ဝက်ကျဆင်းနေသည်ဟု ယင်းတို့ကဆိုသည်။ 

စီးပွား/ကူးသန်းဝန်ကြီးဌာန၊ နယ်စပ်ကုန်သွယ်ရေးဦးစီးဌာနမှ အမည်မဖော်လိုသူ ညွှန်ကြားရေးမှူးတစ်ဦးက“ပုံမှန်အတိုင်းဆိုရင်တော့ တရုတ်နှစ်ကူးဖို့ တစ်လ၀န်းကျင်လောက် အလိုဆိုရင် ကုန်သွယ်မှုတက်တယ်။ နီးလာရင်တော့ တရုတ်က၀ယ်တဲ့ ကုန်သည်တွေ အလုပ်နားကြတာကြောင့် ပြန်ကျတတ်တယ်။ ဒီနှစ်မှာတော့ ဒီဇင်ဘာအ၀င်လောက် ကတည်းက ကျနေတာပါ။ အဓိကကတော့ ပဲအပို့ကျနေလို့ ကုန်သွယ်မှုကလည်း ကျနေ တာပါ”  ဟုပြော သည်။

လက်ရှိ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် နိုဝင်ဘာလကုန်ပိုင်းနှစ်ပတ်အတွင်း မူဆယ်နယ်စပ် ကုန်သွယ်မှု ပမာ ဏသည် ကန်ဒေါ်လာ ၃၃၀ ကျော်ရှိခဲ့ရာမှ ဒီဇင်ဘာ ၁၈ ရက်မှ ၃၁ ရက်အထိ တွင် ကန်ဒေါ်လာ ၁၈၃ သန်းကျော်နှင့် ဇန်န၀ါရီ ၁ ရက်မှ ၁၄ ရက်အထိတွင် ကန်ဒေါ်လာ သန်း ၁၄၀ ကျော်သို့ ကျဆင်းလာခြင်း ဖြစ်သည်။ 

မူဆယ်-နမ့်ခမ်း ကုန်သည်များအသင်းအဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးမျိုးဆွေလှိုင်က “နှစ်ကူးအချိန် အရမ်းနီးလာတဲ့ အခုလို အချိန်မျိုးဆိုရင် တရုတ်ဘက်က အလုပ်နားကြတာတွေကြောင့် ကုန်သွယ်မှုအားလုံးကိုပြောရရင် ကျတတ်တယ်။ ပြီးခဲ့တဲ့လလို(ဒီဇင်ဘာ) အချိန်မျိုး ဆိုရင်တော့ နှစ်ကူးပွဲတော်မှာ လိုအပ်တဲ့ ကုန်စည်တွေဖြစ်တဲ့ သစ်သီးတို့ ရေထွက်ကုန်တို့ ကတော့ အ၀ယ်သွက်တာပေါ့” ဟုပြောသည်။ 

အထက်ပါကဲ့သို့ ၂၀၁၄ ခုနှစ် နှစ်ဆန်းကာလတွင် မူဆယ်နယ်စပ်ကုန်သွယ်မှုပမာဏ ကျဆင်းခြင်း၏ အဓိက အကြောင်းအရင်းဟုဆိုသော ပဲတင်ပို့မှုကျဆင်းခြင်းမှာ ယခုနှစ်တွင် ပြည်တွင်း၌ ပဲအထွက်ကျ၍ ဖြစ်သည်ဟု မြန်မာနိုင်ငံပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်း အတွင်းရေးမှူး ဒေါက်တာမြတ်စိုးက မဇိ္ဈမ သို့ ပြောသည်။

ယင်းက “ဒီနှစ်က တရုတ်ကိုရော၊ အိနိ္ဒယကိုရော တင်ပို့မှုကျတာပါ။ အဓိက ကတော့ ပြည်တွင်းမှာကို အထွက်ကျနေလို့ပါ။ တရုတ်ကလည်း ဒီနှစ်မှာ နှမ်းကိုပိုပြီးဝယ်နေ တာကြောင့်လည်းပါတယ်”ဟု ပြော သည်။

မူဆယ်နယ်စပ်ကုန်သွယ်ရေးဂိတ်မှ ဒီဇင်ဘာလ ၁၈ ရက်မှ ၃၁ အတွင်း တရုတ်နိုင်ငံသို့ ပို့ကုန်ကဏ္ဍ အနေဖြင့် ကန်ဒေါ်လာ ၁၁၆ သန်းကျော် တင်ပို့ထားနိုင်ခဲ့ရာမှ ကုန်သွယ်မှုပမာဏ ဆက်လက်ကျဆင်း လာကာ ဇန်န၀ါရီ ၁ ရက်မှ ၁၄ ရက်အထိတွင် ကန်ဒေါ်လာ ၇၅သန်း ကျော်သာ တင်ပို့နိုင်သည်ဟု စီးပွား/ကူးသန်းက သတင်းထုတ်ပြန်ထားသည်။

Mizzima - News in Burmese

0 comments:

Post a Comment