ယူနိုက်တက်သည် ယခုရာသီ ရလဒ်ပိုင်း ဆိုးရွားနေသော်လည်း ကမ္ဘာပေါ်တွင် ပရိသတ် အရေအတွက် အများဆုံး အသင်းတစ်ခု ဖြစ်ခြင်းနှင့် သမိုင်းကြောင်း အစဉ်အလာ ကြီးမားခြင်း များကြောင့် စပွန်ဆာ ကုမ္ပဏီကြီးများ၏ အာရုံကို ဆွဲဆောင်နိုင်ဆဲ ဖြစ်သည်
မန်ချက်စတာ ယူနိုက်တက် အသင်း၏ ဂျာစီစပွန်ဆာ ကိစ္စအတွက် Nikeနှင့် Adidasတို့ကြား အပြင်းအထန် တိုက်ပွဲဆင်နွှဲဖွယ် ရှိနေကြောင်း သိရသည်။ အမေရိကန် အားကစားပစ္စည်း ကုမ္ပဏီကြီး Nikeအနေဖြင့် လက်ရှိအချိန်တွင် ယူနိုက်တက်ကို အဓိက စပွန်ဆာအဖြစ် တာဝန်ယူထားခဲ့သည်။ သို့သော်လည်း ဈေးကွက်ပြိုင်ဘက်ကြီး Adidasကလည်း Nikeနှင့် ယူနိုက်တက် စာချုပ်သက်တမ်း အကုန်တွင် ကြားဝင်ရန် စောင့်ကြည့်နေသည်။ ဂျာမန် လုပ်ငန်းစုကြီးသည် ယခင်က ယူနိုက်တက်ကို စပွန်ဆာ ပေးခဲ့ဖူးသည့် သမိုင်းကြောင်း ရှိနေသည်။ Nikeသည် ယူနိုက်တက်နှင့် စပွန်ဆာ စာချုပ်ကို သက်တမ်းတိုးမြှင့်ရန် ဆွေးနွေးနေသော်လည်း လက်ရှိအချိန်ထိ အဆင်မပြေသေးချေ။
ယူနိုက်တက်သည် ယခုရာသီ ရလဒ်ပိုင်း ဆိုးရွားနေသော်လည်း ကမ္ဘာပေါ်တွင် ပရိသတ် အရေအတွက် အများဆုံး အသင်းတစ်ခု ဖြစ်ခြင်းနှင့် သမိုင်းကြောင်း အစဉ်အလာ ကြီးမားခြင်းများကြောင့် စပွန်ဆာ ကုမ္ပဏီကြီးများ၏ အာရုံကို ဆွဲဆောင်နိုင်ဆဲ ဖြစ်သည်။ ယူနိုက်တက်အတွက် စပွန်ဆာ စာချုပ်သည် တစ်နှစ်လျှင် ပေါင်စတာလင် သန်း(၇၀)မျှထိ တန်ကြေးရှိမည်ဟုလည်း သတင်းများက ခန့်မှန်း ဖော်ပြနေသည်။ လီဗာပူးလ်ကို Warriorက စာချုပ်ထားပြီး အာဆင်နယ်က Pumaနှင့် တစ်နှစ် ပေါင်စတာလင် (၃၅)သန်းတန် စာချုပ်ကို လက်မှတ် ရေးထိုးခဲ့သည့်နောက် ယူနိုက်တက်အတွက် Adidasနှင့် Nikeတို့၏ အားပြိုင်မှု အရှိန်အဟုန် ပိုမိုပြင်းထန်သွားဖွယ် ရှိနေသည်။ Nikeသည် ယူနိုက်တက်ကို စပွန်ဆာပေးရန်အတွက် အာဆင်နယ်နှင့် လက်တွဲမှုကိုပင် ဖျက်သိမ်းခဲ့သည်။
ယူနိုက်တက်၏ Nikeနှင့် လက်ရှိစာချုပ်သည် တစ်နှစ်လျှင် ပေါင်စတာလင် (၂၃.၅)သန်း တန်ကြေးရှိပြီး (၂၀၁၅)ခုနှစ်တွင် သက်တမ်းကုန်မည် ဖြစ်သည်။ လတ်တလောတွင် ယူနိုက်တက်နှင့် Nikeတို့ကြား ကြီးကြီးမားမား သဘောထား ကွဲလွဲစရာ အချက်အချို့အပေါ် ညှိနှိုင်းမရ ဖြစ်နေသည်ဟု ယုံကြည်ရပြီး ယင်းအနေအထားတွင် အင်္ဂလန် ချန်ပီယံ ဘောလုံးအသင်းက Adidasကို လမ်းဖွင့်ပေးလာဖွယ် ရှိနေသည်။ အစောပိုင်းက ဈေးကွက် သုတေသီများက ယူနိုက်တက်၏ စပွန်ဆာ စာချုပ်သစ်သည် တစ်နှစ်လျှင် ပေါင်စတာလင် (၆၅)သန်းမျှ တန်ကြေးရှိမည်ဟု ခန့်မှန်းခဲ့သော်လည်း ခါးသီး ကုမ္ပဏီနှစ်ခု အားပြိုင်မှုကြောင့် စပွန်ဆာကြေးသည် ယင်းထက် မြင့်တက်လာနိုင်ကြောင်း သိရှိရသည်။
Planet Myanmar Network
0 comments:
Post a Comment