Friday, December 13, 2013

အခြေခံလစာတိုးမြင့်ရရှိရေး အလုပ်သမား ၉၀၀ ကျော် ဆန္ဒပြခဲ့သည် Great well ဖိနပ်စက်ရုံမှ အလုပ်သမားများ ပြေလည်မှုရရှိ

အခြေခံလုပ်ခလစာ တိုးမြှင့်ရရှိရေးအတွက် အလုပ်သမား ၉၀၀ ကျော် ဆန္ဒပြတောင်းဆိုမှု ဖြစ်ပွားနေသည့် လှိုင်သာယာ မြို့နယ်ရှိ Great well ဖိနပ်စက်ရုံ အလုပ်ရှင်အလုပ်သမား အငြင်းပွားမှု ပြဿနာကို ဒီဇင်ဘာ ၁၁ ရက်တွင် အလုပ်သမားဝန်ကြီးဌာန ကြားဝင်ညှိနှိုင်းပေးခဲ့ပြီးနောက် ပြေလည်မှု ရရှိခဲ့ကြောင်း ယင်းစက်ရုံမှ အလုပ်သမား ကိုမျိုးဇော်ဦးက ဆိုသည်။

အလုပ်သမားများမှ တောင်းဆိုထားသည့်အချက် ၁၂ ချက်တွင် ဒေးကြေး ကျပ် ၁၂၀ မှ ၁၅၀ တိုးပေးရန် တောင်းဆိုမှုတွင် အလုပ်ရှင်မှ ၁၄၀ တိုးပေးရန် လိုက်လျောခဲ့ပြီး ရက်မှန်ကြေး ကျပ်တစ်သောင်းပေးရန် တောင်းဆိုမှုအား ကျပ် ၇၀၀၀ အထိလည်းကောင်း၊ ရှားပါးစရိတ်ကို ကျပ် ၂၀၈၀၀ ပေးရန်အချက်တို့အပါအ၀င် အခြားအချက်များကို အလုပ်ရှင်မှ လိုက်လျောပေးခဲ့သဖြင့် ပြေလည်မှုရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

" စက်ရုံအတွင်း အလုပ်ရှင်နဲ့ ညှိတာ အဆင်မပြေတဲ့အတွက် ဒီဇင်ဘာ ၁၁ ရက် က မြို့နယ်ရုံးမှာ အလုပ်သမားဝန်ကြီးဌာန တာဝန်ရှိသူတွေက ညှိနှိုင်းပေးတယ်။ အဲဒီမှာ အလုပ်ရှင်က လစာတိုးတောင်းတာနဲ့ ပတ်သက်လို့ ဒေးကြေးကို ၂၀ ပဲ တိုးပေးတယ်။ ရှားပါးစရိတ်အပါအ၀င် ငွေကြေးနဲ့ ပတ်သက်လို့ ဘာမှမတိုးပေးတဲ့အတွက် နောက်နေ့မှာ ဆက်လက် ညှိနှိုင်းခဲ့တယ်။အဲ့ဒီမှာ ပြေလည်မှုရရှိခဲ့တယ် " ဟု ကိုမျိုးဇော်ဦးက ဆိုသည်။

အဆိုပါ အလုပ်သမားများအနေဖြင့် တစ်နာရီလျှင် ဒေးကြေး ယခင်ကျပ် ၁၂၀ မှ ၁၅၀ အထိ တိုးမြှင့်ပေးရန်၊ အချိန်ပိုကြေး ၂၆၂ ကျပ်မှ ၃၀၀ တိုးမြှင့်ပေးရန်၊ ရက်မှန် ကြေး ကျပ် ၇၀၀၀ မှ ၉၀၀၀ အထိ တိုးမြှင့်ပေးရန်၊ အလုပ်သမားတစ်ဦးကို တစ်နှစ် လျှင် နှစ်ကြိမ်ခန့် လစာ တိုးမြှင့်ပေးရန်၊ အစိုးရရုံးပိတ်ရက်များတွင် အလုပ်ပိတ်ပေးရန်နှင့် နှစ်ကြေးကို ယခင်ကျပ် ၃၀၀၀ မှ ၅၀၀၀ အထိ တိုးမြှင့်ပေးရန် အပါအ၀င် အချက် ၁၂ ချက်ကို အလုပ်သမား ၉၀၀ ကျော်ဖြင့် ဒီဇင်ဘာ ၆ ရက်မှ စတင်ကာ စက်ရုံရှေ့ထွက်၍ ဆန္ဒထုတ်ဖော် တောင်းဆိုခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ဒီဇင်ဘာ ၁ ရက် တနင်္ဂနွေနေ့ Great well စက်ရုံမှ အလုပ်သမားများအား အချိန်ပိုခေါ်ယူခဲ့ရာ အချိန်ပိုဆင်းရန် ပျက်ကွက်ခဲ့သည့် အလုပ်သမား ၂၂ ဦးကို နေပူလှန်းကာ အပြစ်ပေးခဲ့မှုအပေါ် ဒီဇင်ဘာ ၁၂ ရက်တွင် အလုပ်သမားများမှ မြို့ နယ်တရားရုံး၌ အမှုဖွင့်တရားစွဲဆိုထားကြောင်းလည်း သိရသည်။
eleven

0 comments:

Post a Comment