ကရင်ပြည်နယ်၊
ဘုရားသုံးဆူမြို့ အနီးတစ်ဝိုက်ရှိ ဒီမိုကရေစီအကျိုးပြု
ကရင်အမျိုးသားတပ်မတော် DKBA ပိုင် တောင်ယာစိုက်ပျိုးရေးနှင့်
မွေးမြူရေးလုပ်ငန်းများတွင် ဧရာဝတီတိုင်းမှ လာရောက်လုပ်ကိုင် နေသူ
ရွှေ့ပြောင်းလုပ်သား ၂၀၀ ကျော်ရှိသည်ဟု အဆိုပါလုပ်ငန်း တာဝန်ယူလုပ်ကိုင်နေသူ
အထူးတပ် ကြောင်းမှ ဗိုလ်မှူးစောအေ၀မ်းက မဇ္ဈိမကို ပြောသည်။
အဆိုပါလုပ်သားများသည်
ဧရာဝတီတိုင်းအတွင်း လယ်ယာမြေ ဆုံးရှုံးခံခဲ့ရသည်များဖြစ်သည်ဟု ဗိုလ်
မှူးစောအေ၀မ်းက ဆိုသည်။ ၎င်းတို့ကို လစာကျပ်ငွေ တစ်သိန်းမှ စတင်ခံစားခွင့်ပြု၍
လေးလတစ်ကြိမ် ကျပ်နှစ်သောင်းအထက် တိုးမြှင့်ပေးကာ တစ်ဦးလျှင် စားစရိတ်
ထိုင်းဘတ်ငွေ ၇၅၀နှင့်အလုပ်ချိန် မနက် ၆နာရီမှ ညနေ ၅နာရီအထိ
သတ်မှတ်ထားကြောင်း စိုက်ပျိုးမွေးမြူရေးခြံမန်နေဂျာက ဆိုသည်။“ညနေပိုင်းကို အရေးကြီးတဲ့အချိန်တွေမို့လို့ အချိန်ပိုဆင်းရမယ်ဆိုရင် တစ်နာရီကို ၂၅ ဘတ်ပေးတယ်၊ အလုပ်လုပ်နေရင်း နားမယ်ဆိုရင်လည်း မိနစ် ၂၀ ဖြစ်ဖြစ် နာရီဝက်ဖြစ်ဖြစ် နားဖို့ပေးပါတယ်”ဟု ခြံမန် နေဂျာက ပြောသည်။
အလုပ်လာရောက်လုပ်ကိုင်နေသူများမှာ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ ပုသိမ်တို့မှ လာရောက် လုပ်ကိုင်နေ သူများရှိပြီး စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်နေသူများအား တပ်ပိုင်းသို့ တပ်သားအဖြစ် ၀င်ရောက်လုပ် ကိုင်ခွင့်၊ ကူးပြောင်းခွင့်မပြု ဟူသည့် စည်းကမ်းချက်လည်း ထုတ်ထားကြောင်း သိရသည်။
DKBA စိုက်ပျိုးရေးလုပ်ငန်းခွင်တွင် အလုပ်လာရောက်လုပ်ကိုင်သူများမှာ ဘုရားသုံးဆူမြို့မှ ဆွေမျိုး၊ မိတ်ဆွေရှိသူများမှတစ်ဆင့် လာရောက် အလုပ်လုပ်ကိုင်ကြခြင်းဖြစ်ပြီး စိုက်ပျိုးရေးလုပ်ငန်းခွင်မှ အိမ်သို့ ပြန်လိုလျှင်လည်း ခွင့်ပေးသည်ဟု ဧရာဝတီတိုင်းမှ လာရောက်ကာ နှစ်နှစ်ခန့် အလုပ်လုပ်ကိုင်နေသူ ဦး သိန်းဦးက ဆိုသည်။
ဦးသိန်းဦးက “ကျွန်တော်တို့က လယ်တွေ အသိမ်းခံလိုက်ရလို့ လာလုပ်နေတာ ပြီးတော့ ကျန်ခဲ့တဲ့လယ် တွေကလည်း ပိုးကျရင် ရှုံးတယ်၊ ဒီမှာက တောင်ယာဆိုတော့ တောင်ပေါ်တက်ရတာသာ ပင်ပန်းတာ စား စရိတ်လည်း ရတယ်၊ နေစရိတ်လည်း သက်သာတယ် လစာက စုရုံပဲလေ၊ အဲ့တော့ အိမ်ကိုလည်းပြန် ပို့နိုင်တယ်၊ တစ်နှစ်တစ်ခါလည်း အိမ်ပြန်တယ်”ဟု ပြောသည်။
DKBA ပိုင် စိုက်ပျိုးရေးခြံများအတွင်း နှမ်းမဲစိုက်ခင်း ဧက ၁၀၀ ကျော်၊ ပဲတီစိမ်းစိုက်ခင်းဧက ၁၀၀ကျော်၊ နနွင်းစိုက်ခင်း ဧက ၃၀ ကျော်၊ သစ်မွှေးစိုက်ခင်း ဧက ၃၀ ကျော်၊ စပါးစိုက်ခင်း ဧက ၅၀ ကျော်၊ ရော်ဘာ စိုက်ခင်း ဧက ၂၀၀ ကျော်ရှိပြီး မွေးမြူရေးလုပ်ငန်းအဖြစ် ဆိတ်၊ နွား၊ ၀က်၊ ကြက်၊ ငါးခူ မွေးမြူရေးလုပ် ငန်းများတွင် လုပ်ကိုင်လျက်ရှိသည်ဟု ဗိုလ်မှူးစောအေ၀မ်းက ဆိုသည်။
Mizzima - News in Burmese
0 comments:
Post a Comment