Thursday, December 26, 2013

အလုပ်ပေးမည်ဟုလိမ်ပြီး တရုတ်မယားအဖြစ်ရောင်းစားရန် ခေါ်ဆောင်လာသည့် လူကုန်ကူးသည့် အမျိုးသမီးအဖွဲ့အား အချိန်မီဖမ်းဆီးနိုင်ခဲ့

အမျိုးသမီးသုံးဦးအား မူဆယ်မြို့ရှိ သိုးမွေးခေါင်းအုံးစွပ်ချုပ်လုပ်သည့် စက်ရုံတွင် အလုပ်ရမည်ဟု ပြောဆိုစည်းရုံးကာ တရုတ်နိုင်ငံသို့ ခေါ်ဆောင်သွားသော အဖွဲ့အား လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးမှ အမျိုးသမီးနှစ်ဦးနှင့် ပဲခူးတိုင်းဒေသကြီးမှ အမျိုးသမီး တစ်ဦးတို့အား မူဆယ်မြို့ရှိ မွေ့ယာနှင့် သိုးမွေးခေါင်းအုံးစွပ်ချုပ်သည့် စက်ရုံတွင် အလုပ်ရမည်ဟု လိမ်လည်စည်းရုံးပြောဆိုကာ တရုတ်မယားအဖြစ် ရောင်းစားရန် ခေါ်လာစဉ် ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၂၁ ရက် တရုတ်-မြန်မာနယ်စပ်တွင် ဖမ်းဆီး ရမိခဲ့ပြီး မူဆယ်မြို့၌ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

ဖြစ်စဉ်မှာ ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်တွင် မူဆယ်မြို့အနီး နယ်စပ်ခြံစည်းရိုး (တရားမ၀င်) ၀င်ပေါက်၊ ထွက်ပေါက်တွင် တရုတ်နိုင်ငံ ကျယ်ဂေါင်မှလာသော အမျိုးသမီးတစ်ဦးသည် လူကြိုရန် ဆိုင်ကယ်ကယ်ရီများ ငှားရမ်းနေကြောင်း သတင်းအရ မသင်္ကာသဖြင့် မူဆယ်လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စုမှ စောင့်ကြည့်ခဲ့ရာ အမျိုးသားနှစ်ဦး၊ အမျိုးသမီးခြောက်ဦးတို့ ဆိုင်ကယ်ကယ်ရီဖြင့် ရောက်ရှိလာသည်ကို တွေ့ရှိသဖြင့် မူဆယ်လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ရုံးသို့ ခေါ်ဆောင်မေးမြန်းခဲ့ရာ မနွေဦး၊ မ၀င်းဝင်းဝါ၊ ရန်အောင်နှင့် သက်ခိုင်ဦးတို့ လေးဦးတို့သည့် ရန်ကုန်တိုင်းဒေသကြီးမှ အမျိုးသမီးနှစ်ဦးနှင့် ပဲခူးတိုင်းဒေသကြီးမှ အမျိုးသမီးတစ်ဦးတို့အား မူဆယ်မြို့တွင် မွေ့ရာ၊ သိုးမွေးခေါင်းအုံးစွပ်ချုပ်သည့် အလုပ်ရမည်ဟု လိမ်လည်စည်းရုံးကာ ဒီဇင်ဘာ ၁၉ ရက်တွင် ရန်ကုန်မှ မန္တလေး၊ မန္တလေးမှ မူဆယ်သို့လည်းကောင်း ခေါ်ဆောင်သွားပြီး ၂၁ ရက်တွင် တရုတ်နိုင်ငံရှိ မတင်တင်အုန်းမှ အမျိုးသမီးသုံးဦးအား တရုတ်နိုင်ငံတွင်းသို့ ခေါ်ဆောင်ရန် မူဆယ်မြို့ရှိမနီနီအောင်အား စေခိုင်းခဲ့ကြောင်း၊ မနီနီအောင်မှ မလှလှဝင်းအား ဆိုင်ကယ်ကယ်ရီဖြင့် သွားရောက်ခေါ်ဆောင်စေပြီး မနီနီအောင်မှ ကျယ်ဂေါင်ဘက်ခြမ်းရှိ တရားမ၀င်ပေါက်မှ စောင့်နေခဲ့ကြောင်း၊ မလှလှဝင်းမှ စည်းရုံးခံသုံးဦးနှင့် မနွေဦးပါ လေးဦးတို့နှင့်အတူ တရားမ၀င်ပေါက်သို့ ခေါ်ဆောင်လာစဉ် ရဲတပ်ဖွဲ့ဝင် များနှင့် တွေ့ဆုံပြီး ယခုကဲ့သို့ ခေါ်ဆောင်မေးမြန်းခြင်း ခံရကြောင်း၊ မတင်တင်အုန်းမှ တစ်ဦးစုဆောင်း ရမိပါက ငွေကျပ်ငါးသောင်းပေးမည်ဖြစ်ကြောင်း၊ မတင်တင်အုန်းမှ တရုတ်အမျိုးသားများထံ ရောင်းချသည့် ငွေကြေး ပမာဏကိုတော့ မသိရကြောင်း၊ စစ်ဆေးမေးမြန်းချက်များအရ သိရသည်။

အဆိုပါ အမျိုးသမီး သုံးဦးအား မူဆယ်မြို့တွင် မွေ့ရာ၊ သိုးမွေးခေါင်းအုံးစွပ်ချုပ်သည့် အလုပ်လုပ်ရမည်ဟု တရုတ်နိုင်ငံသို့ ခေါ်ဆောင်ပြီး တရုတ်မယားအဖြစ် လိမ်လည်ပြောဆို စည်းရုံးနေသူများနှင့် စည်းရုံးခေါ်ဆောင် လာသူများဖြစ်သည့် ရန်ကုန်တိုင်းဒေသကြီးမှ မနွေဦး၊ မ၀င်းဝင်းဝါ၊ သက်ခိုင်ဦး၊ ရန်အောင်၊ ဖိုးချစ် (ခ) မြင့်ဇော်ငြိမ်း (စုံစမ်းဆဲ)၊ ဧရာဝတီတိုင်းဒေကြီးမှ မလှလှဝင်း၊ တရုတ်နိုင်ငံတွင် အိမ်ထောင်ကျနေသူများဖြစ်သည့် တင်တင်အုန်း (စုံစမ်းဆဲ)၊ မနီနီအောင်(စုံစမ်းဆဲ) တို့အပေါ် ဥပဒေအရ အရေးယူပေးရန် မူဆယ်လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စုမှ ဒီဇင်ဘာ ၂၁ ရက်တွင် တရားလိုပြုလုပ် တိုင်တန်းသဖြင့် မူဆယ်မြို့မ ရဲစခန်းမှ (ပ) ၃၀၇/၂၀၁၃ လူကုန်ကူမှု တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၈/၃၂ ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။
By Eleven Media Group

0 comments:

Post a Comment