Monday, December 2, 2013

လူကုန်ကူး ပွဲစားများမှာ တရုတ်နှင့် ထိုင်းနိုင်ငံသို့ အများဆုံး လူကုန်ကူးနေသည့်အပြင် လက်ရှိတွင် မလေးရှားနှင့် အင်ဒိုနီးရှား နိုင်ငံများသို့လည်း လူကုန်ကူးမှု များနေ

လူကုန်ကူး ပွဲစားများသည် တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံသို့ အများဆုံး လူကုန်ကူးနေသည့်အပြင် လက်ရှိ အချိန်တွင် မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှား နိုင်ငံများသို့လည်း လူကုန်ကူးမှု များလာကြောင်း လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။ လက်ရှိတွင် လူကုန်ကူးခံရသည့် မြန်မာလူမျိုး အများစုမှာ တရုတ်နိုင်ငံရှိ တရုတ်အမျိုးသားများနှင့် အတင်းအဓမ္မ လက်ထပ်ရန် လူကုန်ကူး ခံရခြင်းမျိုးရှိပြီး ထိုင်းနိုင်ငံသို့ လူကုန်ကူး ခံရသူများမှာလည်း ပြည့်တန်ဆာအဖြစ် စေခိုင်းခံရခြင်းများ အများစုရှိကြောင်း သိရသည်။
"လူကုန်ကူး ခံရနေသူ အများစုက တရုတ်နိုင်ငံနဲ့ ထိုင်းနိုင်ငံကို အများဆုံး လူကုန်ကူးခံရတယ်။ ဒီနောက်ပိုင်း မလေးရှားနဲ့ အင်ဒိုနီးရှား နိုင်ငံတွေကိုလည်း လူကုန်ကူးမှုတွေ များလာတယ်။ အလုပ် သမားတွေ က ပြောင်းရွှေ့သွားလာရင်းနဲ့ လူကုန်ကူး ခံရတာ ဖြစ်တယ်။ အင်ဒိုနီးရှား နိုင်ငံမှာတော့ ငါးဖမ်းလှေတွေပေါ် မှာ အလုပ်သမားအဖြစ် လူကုန်ကူး ခံနေရတာတွေ ရှိလာတယ်" ဟု လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီး ခင်မောင်လှက ထပ်မံပြောကြားသည်။
အင်ဒိုနီးရှားနိုင်ငံရှိ ငါးဖမ်းလှေများပေါ်တွင် အလုပ်သမားအဖြစ် လူကုန်ကူးခံနေရသူများ ရှိသလို အင်ဒိုနီးရှားနိုင်ငံ၏ ရေပိုင်နက်အတွင်း ၀င်ရောက်ဖမ်းဆီးနေသည့် ထိုင်းငါးဖမ်းလှေများ ပေါ်တွင်လည်း အလုပ်သမားအဖြစ် လူကုန်ကူး ခံနေရသူများရှိကြောင်း လူမှုရေး အဖွဲ့အစည်းများ၏ ပြောကြားချက်အရ သိရသည်။
အဆိုပါ နိုင်ငံဖြတ်ကျော်ပြီး ဖြစ်ပွားသည့် လူကုန်ကူးမှုများနှင့် ပတ်သက်၍ မြန်မာနိုင်ငံ အနေဖြင့် မဲခေါင်ဒေသတွင်းရှိ နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက် နေမှုများ ရှိသည့်အပြင် အာဆီယံ ၁၀ နိုင်ငံ အပါအ၀င် အာရှပစိဖိတ် ဒေသတွင်း နိုင်ငံများနှင့်လည်း ပူးပေါင်းဆောင်ရွက်မှုများ စတင်နေကြောင်း သိရသည်။ နိုင်ငံဖြတ်ကျော်ပြီး ဖြစ်ပွားသည့် လူကုန်ကူးမှု ဖြစ်ပွားခြင်းများတွင် လူကုန်ကူး ခံရသူများ၏ အခွင့်အရေးတို့မှာ နစ်နာမှုနေများရှိကြောင်း သိရှိရပြီး အစိုးရ၏ အကာအကွယ်ပေးမှု၊ ကူညီစောင့်ရှောက်မှု၊ ပူးပေါင်းပါဝင်မှု အပိုင်းတို့မှာလည်း အားနည်းလျက်ရှိကြောင်း လူမှုအဖွဲ့အစည်းများက သုံးသပ်ဝေဖန်မှုများ ရှိနေသည်။ 

Eleven

0 comments:

Post a Comment