လက်ရှိနိုင်ငံရေးပုဒ်မများဖြစ်သည့် ပုဒ်မ ၁၈၊ ပုဒ်မ ၅၀၅ (ခ) တို့ဖြင့်
အမှုရင်ဆိုင်နေရသူ ၂၀၀ ကျော်အား အမှုမှကွင်းလုံးကျွတ် လွတ်မြောက်ရန်အတွက်
လက်ကျန်နိုင်ငံရေးအကျဉ်းသားများ စိစစ်ရေးကော်မတီမှ သမ္မတထံသို့တင်မည့်
မူကြမ်းအား သမ္မတရုံးဝန်ကြီးဌာနသို့ ပေးပို့ထားပြီးဖြစ်ကြောင်း
လက်ကျန်နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေးကော်မတီမှ ဦးရဲအောင်က
ပြောကြားသည်။
ဒီဇင်ဘာ ၂၁ ရက်က ရန်ကုန်မြို့ MPC ၌ ပြုလုပ်သည့် လက်ကျန်နိုင်ငံရေးအကျဉ်းသားများ စိစစ်ရေးကော်မတီ၏ အပတ်စဉ် အစည်းအဝေးအပြီးတွင် ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ အဆိုပါ ကိစ္စနှင့်ပတ်သက်၍ လက်ကျန်နိုင်ငံရေးအကျဉ်းသားများ စိစစ်ရေးကော်မတီမှ ဦးရဲအောင်က "အခုဆိုရင် နိုင်ငံရေး ပုဒ်မတွေနဲ့ တရားစွဲခံရတဲ့သူတွေကို အမှုကလွှတ်ပေးဖို့အတွက် မူကြမ်းရေးဆွဲရာမှာ တော်တော်ချောတဲ့ အဆင့်အထိတော့ ရောက်နေပါပြီ။ ကျွန်တော်တို့ အခုတော့မူကြမ်းကို သမ္မတရုံး ၀န်ကြီးဌာနကို တင်ထားပါတယ်။ အဓိကကတော့ ကျွန်တော်တို့ဆွဲထားတဲ့ မူကြမ်းကို အဓိကကတော့ ၀န်ကြီးဦးစိုးသိန်းတို့ပေါ့။ သူတို့က ကျွန်တော်တို့တင်ထားတဲ့ မူကြမ်းကို ပြန်ကြည့်တာပေါ့။ အဲဒီနောက် သူတို့အချောရေးဆွဲပြီးတော့ အဆင်ပြေတဲ့အချိန် တင်သွားမယ်လို့ သိရတယ်။ မူကြမ်းကို ပြန်ဆွဲနေတဲ့နေရာမှာတော့ ကျွန်တော်တို့လည်း ဘယ်အဆင့်ထိရောက်လဲဆိုတာ မသိပေမယ့် သူတို့ပြောတဲ့အချိန်မှ ကျွန်တော်တို့လည်း သိရမှာပါ"ဟု ဆိုသည်။
လက်ရှိတွင် နိုင်ငံရေးပုဒ်မများဖြင့် အမှုရင်ဆိုင်နေရသူ ၂၀၀ ကျော်ရှိနေပြီး အဆိုပါအမှု ရင်ဆိုင်နေရ သူများအား သမ္မတလုပ်ပိုင်ခွင့်ဖြင့် အမှုမှလွှတ်ပေးနိုင်ရေးအတွက် လက်ကျန်နိုင်ငံရေး အကျဉ်း သားကော်မတီမှ ကော်မတီဝင်များ၏ အကြံပြုစာမူကြမ်းအား ဒီဇင်ဘာ ၇ ရက်တွင် သမ္မတရုံး တာဝန်ရှိသူ များထံ ပေးအပ်ထားခြင်းဖြစ်ကြောင်း သိရသည်။
လက်ကျန်နိုင်ငံရေးအကျဉ်းသားများ စိစစ်ရေးကော်မတီမှ ဦးဘိုကြည်က"ကျွန်တော်တို့ ဒီမူကြမ်းကို သမ္မတရုံးဝန်ကြီးဌာနမှာရှိတဲ့ ကျွန်တော်တို့ရဲ့ အဖွဲ့ဝင်တွေ၊ ၀န်ကြီးတွေနဲ့ အစိုးရဘက်မှာရှိတဲ့ တရား ဥပဒေချုပ်တို့ ရှေ့နေချုပ်တို့နဲ့ တိုင်ပင်ပြီး လုပ်နေပါတယ်။ ကျွန်တော်တို့အနေနဲ့ကတော့ ဒီဇင်ဘာ ၃၁ မတိုင်ခင်မှာ အမှုရင်ဆိုင်နေရတဲ့သူတွေကို ကွင်းလုံးကျွတ်လွှတ်ပေးဖို့ကို တည်ပြီးတော့ အကြံပြုထား ပါတယ်"ဟု ဆိုသည်။
မြန်မာနိုင်ငံတွင်း နိုင်ငံရေးအကျဉ်းသားများအားလုံး ကုန်စေရန်အတွက် ထောင်ထဲမှ လွှတ်ပေးခြင်းသာ မဟုတ်ဘဲ တရားစွဲဆိုခံရသည့်သူများကိုလည်း ဆက်လက်တရားစွဲဆိုခြင်းမပြုရန်နှင့် နိုင်ငံရေး တက်ကြွ သူများအား ပိတ်ပင်သည့်ဥပဒေများကိုလည်း ပယ်ဖျက်သင့်သည်ဟု လက်ကျန်နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေးကော်မတီမှ ထင်မြင်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
နိုင်ငံတော်သမ္မတအနေဖြင့် ၂၀၁၃ အကုန်တွင် နိုင်ငံရေးအကျဉ်းသားများအား လုံးလွတ်ငြိမ်းချမ်းသာ ခွင့်ပေး မည်ဟုဆိုသော်လည်း ပုဒ်မ ၁၈ နှင့် ပုဒ်မ ၅၀၅ (ခ)တို့အပါအ၀င် အခြားနိုင်ငံရေးပုဒ်မများဖြင့် ၂၀၁၃ နောက်ဆုံးလဖြစ်သည့် ယခုဒီဇင်ဘာလတိုင်အောင် တရားစွဲဆိုမှုများ၊ ဖမ်းဆီးမှုများရှိနေခြင်းအပေါ် ဝေဖန်မှုများလည်း ရှိနေသည်။
Eleven
0 comments:
Post a Comment