Monday, December 30, 2013

၂၀၁၂ အကယ်ဒမီမှာ ဘာတွေထူးခြားခဲ့လဲ

၂၀၁၂ ခုနှစ်အတွက် အကယ်ဒမီ ဆုပေးပွဲကို ၂၀၁၃ ဒီဇင်ဘာ ၂၉ ရက်တွင် ရန်ကုန်မြို့ သုဝဏ္ဏ မိုးလုံ လေလုံအားကစားရုံတွင် မြန်မာ့ရုပ်ရှင်လုပ်ငန်းနှင့် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးတို့က ပူးတွဲ ဆောင် ရွက်ခဲ့ခြင်းဖြစ်သည်။ ယင်း အကယ်ဒမီပေးပွဲသည် ရန်ကုန်မြို့ သုဝဏ္ဏ အားကစားရုံတွင် ဒုတိယအကြိမ် မြောက် ပြန်လည်ကျင်းပခွင့် ရရှိခဲ့ခြင်းဖြစ်သည်။

အစိုးရသစ်လက်ထက်တွင် ပြုပြင်ပြောင်းလဲမှုများ ရရှိလာခဲ့ပြီးသည့် နောက်ပိုင်း၌ နိုင်ငံတော်က ၂၀၁၁ ခုနှစ်အတွက် ပေးသည့် အကယ်ဒမီကို ၂၀၁၂ ခုနှစ်မှ စတင်ကာ ရန်ကုန်တွင် ပြန်လည်ကျင်းပနိုင်ရန် ခွင့်ပေးခဲ့ခြင်း ဖြစ်သည်။

၂၀၁၂ ခုနှစ်အတွက် ထူးခြားမှုများ

၁၉၅၂ ခုနှစ်ကစတင်ကာ အကဲဖြတ်အဖွဲ့က နှစ်တိုင်း ဆုများကို ရွေးချယ်ချီးမြှင့်ရာ နှစ်ပေါင်း ၆၀အတွင်း ယခုအချိန်ထိ ၅၆ ကြိမ် ကျင်းပနိုင်ခဲ့ခြင်း ဖြစ်သည်။ ယင်း အပြင် ၁၉၅၂ နှစ်က စပြီး ၂၀၀၄ ခုနှစ် အထိ သည် ရန်ကုန်မြို့တွင် ကျင်းပခဲ့ခြင်း ဖြစ်ပြီး ၂၀၀၅ ခုနှစ်မှ ၂၀၁၀ အထိသည် နေပြည်တော်၌ ကျင်းပခဲ့ ခြင်းဖြစ်သည်။

ယခု အစိုးသစ်တက်လာပြီး နောက်ပိုင်း ၂၀၁၁ ကစပြီး ၂၀၁၂ အတွက် အကယ်ဒမီပေးခြင်းကို ရန်ကုန် မြို့တွင် ပြန်လည် ကျင်းပနိုင်ခဲ့သည်။ ယခင်နှစ်များက ကျင်းပခဲ့သည့် အကယ်ဒမီပေးပွဲပုံစံများဖြင့် ကွဲပြား ခြင်းသည် အစီစဉ်တင်ဆက်ကြသူများသည် အောင်မြင်နေကြသည့် တင်မိုးလွင်နှင့် ဆန်းထွဋ်တို့က အစီ အစဉ် တင်ဆက်သူအဖြစ် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ထို့အပြင် အကယ်ဒမီ ဆုမပေးမီအချိန်တွင် ယဉ်ကျေးမှုဝန်ကြီးဌာန အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ်မှ ကျောင်းသူ ၁၂ ဦးက ရွှေစင်ကြယ်ကို ကိုင်ဆောင်ပြီး မြန်မာ့ရုပ်ရှင်၏ အထွတ်အထိပ်ဖြစ် သည့် ရွှေစင်နတ်သမီး အ၀တ်အစားများဖြင့် ကပြဖျော်ဖြေမှုသည် ပွဲကျင်းပရာ အကယ်ဒမီကို ပိုပြီး အသက်ဝင်စေခဲ့သည်။

၎င်းအပြင် ယခင်နှစ်များက ကျင်းပခဲ့သည့်ပုံစံများထဲက ခွဲထွက်ပြီး အကယ်ဒမီဗန်းကိုင်များ၏ လမ်း လျှောက်ပုံစံများသည် ဖြည်းညင်းစွာ လျှောက်လှမ်းမှုများ မဟုတ်တော့ဘဲ စင်ကာပူနိုင်ငံက မော်ဒယ် ဆရာ ဘရိုင်ယန်နှင့် အကယ်ဒမီ မို့မို့မြင့်အောင်တို့က မော်ဒယ်များလျှောက်သကဲ့သို့ ပြောင်းလဲပြီး လျှောက်စေခဲ့သည်။

ပရိသတ်များ ယခင်နှစ်များက တွေ့နေကြပုံစံများမဟုတ်သည့် ဖျော်ဖြေရေး တင်ဆက်မှုများသည် ယခုနှစ် အကယ်ဒမီထူးချွန်ဆုကို ပိုပြီး စိတ်ဝင်စားစေခဲ့ပြန်သည်။ ယခင်က ဖျော်ဖြေရေးများတွင် ရိုးရာ ယဉ်ကျေးမှုကို ထည့်သွင်းဖျော်ဖြေခဲ့သော်လည်း ယခု နှစ်ကစပြီး ဖျော်ဖြေမှုသည် ခေတ်ပ်ါအကများဖြင့် တွဲဖက်ပြီး စိုင်းစိုင်းခမ်းလှိုင်၊ ယူရေနီယမ်အကအဖွဲ့၊ ခေမီကိုအကအဖွဲ့ များသည်လည်း ပါဝင်ဖော်ဖြေ လာခြင်းသည် ထူးခြားပြီး ပရိတ်သတ်အမြင်ကို ပြောင်းလဲစေခဲ့သည်။

စင်မြင့်တည်ဆောက်မှု

ယခုနှစ် အကယ်ဒမီပေးပွဲအတွက် စင်မြင့်တည်ဆောက်မှုအပိုင်းတွင် တင်ဒါ အောင်မြင်ခဲ့သည့် Burco Co.,Ltd (Singapore) ၏ မြန်မာနိုင်ငံ ကိုယ်စားလှယ်ဖြစ်သည့် Clover Solution Co.,Ltd က စင်မြင့် တည်ဆောက်မှုကို ရရှိခဲ့ပြီး Futer Futuristic concert ကို Burco ကုမ္ပဏီနှင့် Ariel Architect ကို ဗိသု ကာပညာရှင် ကိုကျော်ဇေထွန်းသူက ပုံကြမ်းဖော်ဆောင်ပေးပြီး စင်မြင့်ဒီဇိုင်း အပြီးသတ် အချောကိုင်ခြင်း ကို ကိုကျော်လင်းသူ၊ ကိုမင်းခန့်ကျော်တို့က အပြီးသတ်ခဲ့ခြင်း ဖြစ်သည်။

ယခုနှစ်၏ စတိတ်ဒီဇိုင်းကို တည်ဆောက်ကြသူများသည် ကွင်းအနေထားကိုကြည့်ပြီး LED၊ မီးအလင်း ရောင် မိုးစက်တွေကျနေသည့်ပုံစံကို ဖန်တီးထားခြင်း၊ စင်မြင့်ထိပ်တွင် တစ်လုံးတည်းရှိသည့် ရွှေစင် ကြယ်ကိုတပ်ထားခြင်း၊ ရွှေနှင့် အနက်ရောင်စင်မြင့်ကို တွဲဖက်အသုံးပြုထားခြင်းသည် ရွှေစင်ရုပ်တုကို ပေါ်လွင်စေရန်အတွက် အဓိကထာကြောင်း ဒီဇိုင်းပညာရှင်များက ဆိုသည်။

ယင်းအပြင် အသံပိုင်းဆိုင်ရာများ၊ မီး အသုံးမှုများကို စင်ကာပူနှင့် မြန်မာနိုင်ငံအတွင်းက ပစ္စည်းများကို အသုံးပြုသွားခြင်း ဖြစ်သည်။ ယခုနှစ်၏ စင်မြင့်တည်ဆောက်မှုသည် စင်မြင့်အပိုင်းတွင် သိန်း ၁၅၀ အထိ ရှိပြီး မီးအလင်းသုံးစွဲမှုနှင့် အသံပိုင်းဆိုင်ရာ ပစ္စည်းများသုံးစွဲမှုကိုလည်း ပေါင်းစပ်ပါက ကုန်ကျစရိတ်သည် ၂၅၀၊ ၃၀၀ အထိ ရှိနိုင်ကြောင်း စင်မြင့်တည်ဆောက်သူများက သုံးသပ် ပြောဆိုကြသည်။

အဆိုပါ စင်မြင့်တည်ဆောက်မှုတွင် စင်မြင့်ပုံစံကို ယခင်နှစ်များနှင့်မတူဘဲ မြန်မာနိုင်ငံက ရွှေစင်ရုပ်တုနှင့် အနုပညာရှင်များကို ရည်ရွယ်ပြီး သီချင်းသီဆိုသူများနေရာ၊ အစီအစဉ်တင်ဆက်သူများနေရာ၊ အကယ် ဒမီ ထူးချွန်ဆုချီးမြှင့်သည့်နေရာ၊ အကယ်ဒမီ ကျင်းပခြင်းနှင့် ပက်သက်ပြီး စကားပြောကြားမည့် လူကြီး များနေရာဟု လေးနေရာခွဲ တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။

၎င်းအပြင် ယခုနှစ်နောက်ပိုင်းတွင် နိုင်ငံများတွင် ခေတ်စားနေသည့် အကယ်ဒမီ ဆုပေးပွဲများနှင့် အနု ပညာဖျော်ဖြေပွဲများတွင် စက်ရုပ်ဆန်ဆန် ဖန်တီးမှုများသည်ကိုလည်း နောင်ကျင်းပမည့် အကယ်ဒမီပွဲ များကို ကြိုတင်ရည်ရွယ်ပြီး တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

အကယ်ဒမီဆုရွေးချယ်မှု ပုံစံ

ယခင်နှစ်များက အကယ်ဒမီဆုများကို ၁၁ ဆုအထိ ရွေးချယ် ပေးအပ်ချီးမြှင့်ခဲ့ခြင်း ဖြစ်သည်။ ဆု ၁၂ ဆု ပေးအပ်မည်ဟု အသံများထွက်ခဲ့သော်လည်း ယခုနှစ်တွင် ထူးထူးခြားခြားအနေဖြင့် ရွှေစင်ရုပ်ဆုသည် ကိုးဆုသာ ပေးအပ်ခဲ့ခြင်းဖြစ်သည်။

ယင်းဆုသည် လက်ပံဇာတ်ကားတွင် ကလေးသရုပ်ဆောင်ဇာတ်ရုပ်ကို နှစ်ကိုယ်ခွဲ သရုပ်ဆောင်ခဲ့သည့် ယွန်းယွန်း ဖြစ်သည်။ ယခင်ပေးအပ်ခဲ့သည့် ဆုများသည် အသံ၊ တေးဂီတ၊ တည်းဖြတ်၊ ဓာတ်ပုံ၊ အမျိုး သားဇာတ်ဆောင်ဆု၊ အမျီုးသမီး ဇာတ်ဆောင်ဆု၊ အမျိုးသမီဇာတ်ပို့ဆု၊ အမျိုးသားဇာတ်ပို့ဆု၊အကောင်း ဆုံး ဒါရိုက်တာဆု၊ ဇာတ်ကားဆုများ ဖြစ်ကြသည်။

ယခုနှစ်တွင် ထူခြားမှုအဖြစ် အထူးခြားဆုံးဆုအဖြစ် ကလေးသရုပ်ဆောင်ဆုကို ချီးမြှင့်ခဲ့ခြင်း ဖြစ်သည်။ ယင်းကလေး သရုပ်ဆောင်ဆုသည် ၁၉၅၅ ခုနှစ်တွင် ၀င်းမာလေးက (ဖိုးပြုံးချို)၊ ၁၉၇၇ တွင် အောင်ထွန်း လေးက (အဖေတစ်ခု သားတစ်ခု)၊ ၁၉၇၈ ခုနှစ်တွင် အင်္ဂလန်စိန်က (မေတ္တာရှင်မလေး ငြိမ်းငြိမ်းအိ)၊ ၁၉၉၉ ခုနှစ်တွင် အိဖြူစိုးက (ရင်ထဲက ဆောင်းရာသီ) ဇာတ်ကားများဖြင့် ကလေးသရုပ် ဆောင်ဆုကို ရရှိခဲ့ပြီး ယခု ၂၀၁၃ ခုနှစ် တွင် ကလေးသရုပ်ဆောင်ဆုကို ကလေးသရုပ်ဆောင် ယွန်းယွန်းက “တိမ်မင်း သမီးရဲ့ ဒဏ္ဍာရီ” ဇာတ်ကားဖြင့် ပြန်လည် ချီးမြှင့်ခဲ့ခြင်း ဖြစ်သည်။

အကယ်ဒမီ တစ်ကြိုပါဝင်ပေမယ့် ဆုမရရှိကြသူများ

အကယ်ဒမီ တစ်ကြိုစာရင်းတွင် မော်ကင်းဥဒါန်းက ဇာတ်ကောင်များ ရရှိမည်ဟု အများက သုံးသပ်ပြော ဆိုခဲ့ကြသည်။ ယင်းဇာတ်ကားတွင် ပါဝင်သရုပ် ဆောင်ကြသည့်သူများသည် ယခုနှစ်တွင် အကယ်ဒမီများ မရရှိခဲ့ကြပေ။

Mizzima - News in Burmese

0 comments:

Post a Comment