Thursday, December 12, 2013

ဒိုမီနီကန် သမ္မတ နိုင်ငံမှ သွေးမျက်ရည် ကျသော ဝေဒနာရှင် မိန်းကလေး ဆေးဝါး ကုသမှု ခံယူလျက်ရှိ

ဒိုမီနီကန် သမ္မတ နိုင်ငံမှ သွေးမျက်ရည် ကျသော ဝေဒနာရှင် မိန်းကလေး ဆေးဝါး ကုသမှု ခံယူလျက်ရှိ
ဆန်တိုဒိုမင်ဂိုး ဒီဇင်ဘာ ၁၁
ဒိုမီနီကန် သမ္မတ နိုင်ငံမှ သွေးမျက်ရည် ကျသည့် ဝေဒနာရှင် အသက် ၁၉ နှစ်အရွယ် ဒယ်လ်ဖီနာ ဆီဒီနို အမည်ရှိ မိန်းကလေး တစ်ဦးသည် ထူးဆန်းသည့် ဝေဒနာ ခံစားနေရပြီး ပတ်ဝန်းကျင်၏ ဖယ်ကြဉ် ခံရမှုကြောင့် သူမကိုယ် သူမ မကြာခဏ သေကြောင်း ကြံစည်ရန် ကြိုးစား နေရာမှ ယခုအခါ သူမအား စောင့်ရှောက် နားလည်ပေးမည့် ဖူးစာရှင်ကို ရှာဖွေ တွေ့ရှိခဲ့ကြောင်း သိရသည်။
သူမသည် ငိုသောအခါ သွေးမျက်ရည် ကျသော ရှားပါးသည့် ရောဂါ ဝေဒနာကို ခံစားရသည့် အပြင် သူမ၏ လက်သည်းနှင့် ချက်အတွင်းမှလည်း သွေးများ စိမ့်ထွက်သည့် ဝေဒနာကိုပါ ခံစားရသဖြင့် မိတ်ဆွေ သူငယ်ချင်းများ ထိတ်လန့် ကြောက်ရွံ့စွာ ဖယ်ကြဉ်မှုကို ခံစားရသည်။
ဒယ်လ်ဖီနာသည် ကျောင်းထွက် လိုက်ရသည် အထိပင် ပတ်ဝန်းကျင်၏ ထိတ်လန့်စွာ ဖယ်ကြဉ်မှုကို ခံစားခဲ့ရ သဖြင့် သူမ၏ နေအိမ်ရှိ အိပ်ခန်း ထဲတွင်သာ အချိန် များစွာကို ကုန်ဆုံးစေခဲ့သည်။
သူမ၏ ရောဂါ အခြေအနေသည် ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူများ ကိုပင် ခေါင်းရှုပ်စေခဲ့ သဖြင့် ၁၅ ရက်ကျော် ကြာအောင် အဆိုးရွားဆုံး သွေးယိုစိမ့် ခဲ့သဖြင့် သွေးသွင်းရသည် အထိပင် ဖြစ်ခဲ့သည်။
ဒယ်လ်ဖီနာသည် လပေါင်းများစွာ နေအိမ် ပြင်ပသို့ မထွက်ဘဲ နေခဲ့ပြီးနောက် တစ်ရက်တွင် ပထမဆုံး အကြိမ်အဖြစ် နေအိမ် အပြင်သို့ ထွက်ခဲ့ရာမှ သူမ၏ ဇာတ်ကြောင်းကို အလုံးစုံ သိရှိ ထားပြီး ယခုအခါ သူမ၏ ခင်ပွန်းလောင်း ဖြစ်လာခဲ့သည့် ရေကာရိစ်အာ ဗေးလာနှင့် တွေ့ဆုံခဲ့သည်။
ရေကာရိစ်က သူမ၏ ဘဝကို စာနာ၍ သူမအား ချစ်ခွင့် ပန်ပြီးနောက် ဆေးရုံတွင် ဆေးဝါး ကုသမှု ခံယူစေခဲ့သည်။ ဆရာဝန် များက အကြိမ်ပေါင်း များစွာ စစ်ဆေးမှု များကို ပြုလုပ် ခဲ့ပြီးနောက် သူမသည် Hematidrosis အမည်ရှိ အလွန် ရှားပါးသည့် ရောဂါ ဝေဒနာကို ခံစား နေရကြောင်း မှတ်ချက် ပြုခဲ့သည်။
သူမ၏ ကိုယ်ခန္ဓာထဲတွင် သာမန် လူများထက် အဒရီနလင် အဆ ၂ဝ ပိုမို များနေပြီး သောကများ ဖိစီးပါက သွေးယိုစိမ့် မှုကို ခံစားရခြင်း ဖြစ်ကြောင်း ထပ်လောင်း ပြောကြား ခဲ့သည်။
ဒယ်လ်ဖီနာသည် ယခုအခါ သွေးယိုစိမ့်မှုကို ထိန်းချုပ်နိုင်ရန် အတွက် ဆေးကုသ မှုကို စတင် ခံယူနေပြီ ဖြစ်ကြောင်း၊ ရေကာရိစ်သည် မိမိအား ဘဝတွင် ဆက်လက် ရှင်သန်ချင်စိတ် ရှိအောင် တွန်းအားပေးသူ ဖြစ်ကြောင်း၊ ယခု အချိန်ထိ သွေးယိုစိမ့်မှု ဝေဒနာကို ခံစားနေရ သော်လည်း ၎င်း၏ ကူညီ စောင့်ရှောက်မှု များကြောင့် ဘဝတွင် အဆင်ပြေစွာ နေနိုင်ခဲ့ပြီ ဖြစ်ကြောင်း သူမက ပြောကြားခဲ့သည်ဟု သိရသည်။

မြ၀တီ

0 comments:

Post a Comment