
တိုင်ကြားချက်အရ ၀င်ရောက်စစ်ဆေးနေသော Mobile Team မှ တာဝန်ရှိသူတစ်ဦးကို ဒီဇင်ဘာ ၄ ရက်က တွေ့ရစဉ်
တိုင်ကြားချက်အရ သာကေတစက်မှုဇုန်ရှိ Premium Food Service ကုမ္ပဏီပိုင်
ဂိုဒေါင်အား ၀င်ရောက်စစ်ဆေးရာ ၀ိုင်ပုလင်းဖာပေါင်း ထောင်ဂဏန်းတွေ့ရှိထားကာ
တရားဝင်ဟုတ်- မဟုတ်ကို စစ်ဆေးနေကြောင်း တရားမ၀င် ကုန်သွယ်မှု
တားဆီးထိန်းချုပ်ရေးအဖွဲ့ Mobile Team မှ သိရသည်။
တရားမ၀င်ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီသို့ ၂၀၁၃
အောက်တိုဘာ ၂၈ ရက်ပါ ရက်စွဲဖြင့် သာကေတမြို့နယ်၊ မြမာလာလမ်းရှိ
ဂိုဒေါင်ခြံတစ်ခု၌ တရားမ၀င် ကုန်ပစ္စည်းများ သိုလှောင်၊ ဖြန့်ဖြူး၊
ရောင်းချနေကြောင်း သတင်းပေးပို့ တိုင်ကြားလာသည့်အတွက်
စုံစမ်းစစ်ဆေးမှု များကို ပြု လုပ် ပြီး ဒီဇင်ဘာ ၃ ရက်တွင်
တိုင်ကြားချက်မှာ ပေါ်လွင်သဖြင့် ဒီဇင်ဘာ ၄ ရက်တွင် ၀င်ရောက်
စစ်ဆေးခဲ့ကြောင်း သိရသည်။
ယခုဖြစ်စဉ်အတွင်း တွေ့ရှိထားသော ၀ိုင်းပုလင်းအရေအတွက်နှင့်
အေးခဲအသားများမှာ Mobile Team မှဝင်ရောက် ရှာဖွေစစ်ဆေးသည့်
ကာလတစ်လျှောက်တွင် အများဆုံးအဖြစ် သတ်မှတ်နိုင်ပြီး ၀ိုင်ပုလင်းများမှာ
တန်ဖိုးကြီး အမှတ်တံဆိပ်များဖြစ်ကာ အမေရိကန်၊ ပြင်သစ်၊ အီတလီ၊ သြစတြေးလျ၊
တောင်အာဖရိကနိုင်ငံထုတ်များ ဖြစ်ကြောင်းသိရသည်။
လက်ရှိတွေ့ရှိထားသော ၀ိုင်ပုလင်း အရေအတွက်မှာ များပြားသောကြောင့်
တရားဝင်- မ၀င်ကို ဆုံးဖြတ်စစ်ဆေးရန်အချိန် နှစ်ပတ်ခန့်
ကြာမြင့်နိုင်ကြောင်း၊ ၀င်ရောက်စစ်ဆေးခံရသည့် ဂိုဒေါင်မှာ Premium Food
Service ကုမ္ပဏီ ပိုင်ဆိုင်ခြင်းမဟုတ်ဘဲ ဦးစိန်ဝင်းဆိုသူထံမှ
ယခုနှစ်အောက်တိုဘာ နောက်ဆုံး ပတ် အတွင်းမှ ငှားရမ်းထားခြင်းဖြစ်ကြောင်း
Mobile Team မှ သိရသည်။ အစစ်ဆေးခံရသည့် ဂိုဒေါင်ကို ဦးစီးဆောင်ရွက်နေသည့်
ဒေါ်ဝင်းဝင်းတင့်က" ကျွန်မတို့က အထောက်အထား အပြည့်အစုံနဲ့ ရှင်းပြမှာ
ဖြစ် တယ်"ဟု ပြောကြားသည်။
Mobile Team အဖွဲ့မှ လက်ရှိစစ်ဆေးနေသော ဂိုဒေါင်မှာ သုံးလအတွင်း
ငါးခုမြောက် တိုင်ကြားချက်အရ စစ်ဆေးနေခြင်းဖြစ်ပြီး ယင်းမတိုင်မီ
စစ်ဆေးခံခဲ့ရသော စက်ရုံများမှာ ပို့ကုန်-သွင်းကုန် ဥပဒေပုဒ်မများဖြင့်
တရားစွဲဆိုထားခြင်း ခံထားရကြောင်း သိရသည်။
Eleven
0 comments:
Post a Comment