Thursday, November 28, 2013

မူးယစ်တရားခံများကို လွှတ်ပေးရန် တောင်းဆိုရာမှ ရဲတပ်ဖွဲ့နှင့် ရွာသားများ ပဋိပက္ခဖြစ်

ရဲတပ်ဖွဲ့မှဖမ်းဆီးထားသည့် မူးယစ်ဆေးဝါးတရားခံများကို ၎င်းတို့၏ ဆွေမျိုးသားချင်း များက ပြန်လည် လွှတ်ပေးရန် တောင်းဆိုရာမှ ပဋိပက္ခဖြစ်ပွားပြီး ရဲတပ်ဖွဲ့ဝင်သုံးဦး ဒဏ်ရာရရှိခဲ့သည့်အပြင် တရားခံများပါ လွတ်မြောက်သွားသော ဖြစ်စဉ်တစ်ခု စစ်ကိုင်းတိုင်းဒေသကြီး ပင်လည်ဘူးမြို့တွင် ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

စစ်ကိုင်းတိုင်း ဒေသကြီး၊ ပင်လည်ဘူးမြို့နယ်၊ နောင်မူး ကျေးရွာတွင် နိုဝင်ဘာ ၂၅ရက်က အဆိုပါပြဿနာ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ နောင်မူးကျေးရွာတွင် မူးယစ်ဆေးဝါး သိုလှောင်ရောင်း ၀ယ်နေသော အိမ်ကို ရဲတပ်ဖွဲ့ဝင်များ ၀င်ရောက်စီးနင်း၍ မူးယစ်တရားခံသုံးဦးကို ဖမ်းဆီးခေါ်ဆောင်လာစဉ် အဆိုပါတရားခံများ၏ ဆွေမျိုးသားချင်းနှင့် ဒေသခံရွာသား လူဦးရေငါးဆယ်ခန့်က တားဆီးရာမှ ပဋိပက္ခ စတင်ဖြစ်ပွားခြင်းဖြစ်ကြောင်း ကသာခရိုင် ရဲတပ်ဖွဲ့မှူး ရဲမှူးသိန်းဝင်းကပြောကြားသည်။
““လက်ထိတ်တွေရော၊ မူးယစ်ဆေးဝါးတွေပါ ရွာသားတွေဆီ ပြန်ပါသွားပါတယ်။ လွတ်မြောက်သွားတဲ့ တရားခံတွေနဲ့ မူးယစ်ဆေးဝါးတွေကို ပြန်ဖမ်းဆီးနိုင်အောင် တိုင်းနဲ့ ခရိုင်အဆင့် ရဲအရာရှိတွေ ကြီးကြပ်ပြီး စုံစမ်းစစ်ဆေးနေပါတယ်””ဟု ရဲမှူးသိန်းဝင်းကပြောသည်။
နိုဝင်ဘာ ၂၅ရက်က နောင်မှူးကျေးရွာတွင် ဖြစ်ပွားခဲ့သော ဖြစ်စဉ်နှင့် ပတ်သက်၍ ဒေသခံရွာသားတစ်ဦးကို ဆက်သွယ်မေးမြန်းရာ ပဋိပက္ခဖြစ်စဉ်တွင်ပါဝင်ခဲ့သည့် ရွာသားများမှာ စိုးရိမ်ကြောက်လန့်နေကြပြီး ထွက်ပြေးတိမ်းရှောင်နေကြောင်း သိရသည်။
နောင်မူး ကျေးရွာတွင် ဖြစ်ပွားခဲ့သည့် ရဲတပ်ဖွဲ့ဝင်များ ဖမ်းဆီးလာသည့် မူးယစ်ဆေးဝါးတရားခံများကို ရွာသားများက တားဆီးခဲ့သည့် ဖြစ်စဉ်မျိုးမဟုတ်ဘဲ ရဲတပ်ဖွဲ့မှ ဖမ်းဝရမ်းထုတ်ပြန်ထားသည့် မြေယာ ပိုင်ဆိုင်မှု အငြင်းပွားသည့် ပြဿနာနှင့် ပတ်သက်သည့် တရားခံအား ညအချိန်ဝင် ရောက်ဖမ်းဆီးစဉ် ရွာသားသုံးရာခန့်နှင့် ရဲတပ်ဖွဲ့ဝင်များ ပဋိပက္ခဖြစ်ပွားခဲ့သည့် ဖြစ်စဉ်တစ်ခု နေပြည်တော် ပုဗ္ဗသီရိမြို့နယ်၊ ၀ဲကြီးကျေးရွာတွင် စက်တင်ဘာ ၁၉ ရက်က ဖြစ်ပွားခဲ့သည်။

ဝဲကြီးကျေးရွာတွင်ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်ကြောင့် ရဲတပ်ဖွဲ့ဝင်ငါးဦး နေပြည်တော် ခုတင် တစ်ထောင်ဆေး ရုံတွင် အတွင်း လူနာအဖြစ် တက်ရောက်ကုသခဲ့ရသည်။ ပင်လည်ဘူးမြို့နယ် ဖြစ်စဉ်တွင်မူ ရဲတပ်ဖွဲ့ဝင်များ ဆေးရုံတက်ရသည်အထိ ဒဏ်ရာမပြင်းထန်ကြောင်း သတင်းရရှိသည်။

7Day Daily

0 comments:

Post a Comment