
ဘုရင့်နောင်လမ်းမ တစ်နေရာ၌ ယာဉ်ကြော ပိတ်ဆို့မှုအား နိုဝင်ဘာ ၇ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)
ရန်ကုန်မြို့တွင် ယာဉ်ကြော ပိတ်ဆို့မှုများ လျော့နည်းစေရန်
တည်ဆောက်လျက်ရှိသည့် ခုံးကျော်တံတား စီမံကိန်းများအနက် နှစ်ထပ်တည်ဆောက်လျက်
ရှိသည့် ဘုရင့်နောင် ခုံးကျော်တံတား စီမံကိန်း၏ ဘုရင့်နောင် လမ်းမကြီးပေါ်
ဖြတ်သန်းတည်ဆောက် ထားသည့် ခုံးကျော်တံတားကို အောက်တိုဘာ ၃၁ ရက်က
စတင်အသုံးပြုခွင့် ပြုခဲ့သော်လည်း ပွဲရုံဝင်းအတွင်းနှင့် ဘုရင့်နောင်
လမ်းမကြီး တစ်လျှောက် အချိန်ကြာမြင့်စွာ ယာဉ်ကြောပိတ်ဆို့မှုများ
ဆက်တိုက်ဆိုးရွားစွာ ဖြစ်ပေါ်နေကြောင်း သိရသည်။
ဘုရင့်နောင် ပွဲရုံဝင်းအတွင်း နေ့စဉ်ကုန်တင်ကုန်ချ ပြုလုပ်နေသည့်
ကုန်တင်ယာဉ်ကြီး အစီးရေမှာ ၁၃၀၀ ၀န်းကျင်ခန့် ရှိနေပြီး
အိမ်စီးကားများနှင့် ဆိုပါက တစ်နေ့လျှင် ယာဉ်အစီးရေ ၆၀၀၀ မှ ၇၀၀၀ ကြား
ဝင်ထွက်သွားလာ နေကြောင်း ဘုရင့်နောင်စခန်း အကျိုးဆောင်အဖွဲ့ ဥက္ကဋ္ဌ
ဦးခင်ဟန်က ပြောကြားသည်။
''သီရိမင်္ဂလာဈေးကနေ ပေါက်တောဝဘက်ကို သွားဖို့ ကားငှားတာ၊ ဘုရင့်နောင်
တံတားကို ဖြတ်ဖို့ကို တစ်နာရီလောက် စောင့်လိုက်ရတယ်။ တံတားပေါ်မှာက ကားတွေ
ကျပ်နေတာ မဟုတ်ဘဲ တံတားဟိုဘက် အဆင်းနဲ့ ဒီဘက်အဆင်းမှာ လှုပ်မရအောင
်ကားတွေပိတ်နေတာ။ မနေ့ကလည်း ဒီအတိုင်းပဲ၊ ဒီနေ့လည်း ပိတ်တာပဲ။ ဆက်တိုက်ပဲ
ကားတွေပိတ်နေတာ'' ဟု ရွှေပြည်သာ မြို့နယ်မှ ကိုအောင်ကျော်ကျော်က
ပြောကြားသည်။
ဘုရင့်နောင် ပွဲရုံဝင်းအတွင်း ယာဉ်ကြောပိတ်ဆို့မှုများ လျော့ပါးရေးအတွက်
နိုဝင်ဘာ ၇ ရက်၊ နံနက် ၁၀ နာရီက ယာဉ်စည်းကမ်း လမ်းစည်းကမ်း
ညှိနှိုင်းအစည်းအဝေးတစ်ရပ် ကျင်းပပြီး အဝေးပြေး ကုန်စည် ပို့ဆောင်ရေး
ဝန်ဆောင်မှု လုပ်ငန်းရှင်များ အသင်းမှ အသိပေး နှိုးဆော်စာ ၃/၂၀၁၃ ကို
ထုတ်ပြန် ခဲ့ကြောင်း အဆိုပါအသင်း တွဲဖက် အတွင်းရေးမှူး ဦးကိုကိုနိုင်က
ပြောကြားသည်။
ယင်းအသိပေးစာအရ ဘုရင့်နောင်ဝင်း အတွင်းရှိ ရိုးကြီးချောင်း ပတ်လမ်းမှ
ထွက်ခွာလာသော ကုန်တင်ယာဉ်များသည် ဘယ်၊ ညာ နှစ်ဖက်စလုံးအား ကွေ့၍ရပြီး
ကံ့ကော်လမ်းမကြီးနှင့် ယင်းမာလမ်းမ ကြီးများမှ ထွက်ခွာလာသော
ကုန်တင်ယာဉ်များသည် ညာကွေ့ခွင့်သာ ပြုထားကြောင်း၊ အင်းစိန်မြို့နယ် ဘက်သို့
ထွက်ခွာမည် ဆိုပါက တံတားအောက်မှ ဂငယ်ကွေ့ ကွေ့၍သာ သွားခွင့်ပြုထားကြောင်း၊
အင်းစိန်မြို့နယ်ဘက်မှ လာသော ကုန်တင်ယာဉ်များသည် ရိုးကြီးချောင်းပတ်လမ်း၊
ကံ့ကော်လမ်းမကြီးနှင့် ယင်းမာလမ်းများမှသာ ကွေ့၍ ဘုရင့်နောင်
ဝင်းအတွင်းသို့ ၀င်ရောက်ခွင့် ပြုထားကြောင်း၊ (အင်ကြင်းလမ်းမှ
ဝင်ခွင့်မပြုပါ)၊ ထို့ပြင် မြို့တွင်းမှ ၀င်ရောက်လာသော ကုန်တင်ယာဉ်များသည်
ဘုရင့်နောင် မီးပွိုင့်မှ အင်ကြင်းလမ်းနှင့် နွယ်သာကီ လမ်းများမှ
ဘုရင့်နောင်ဝင်း အတွင်းသို့ ၀င်ရောက်ကြ ပါရန် အသိပေး နှိုးဆော်ထားကြောင်း
သိရသည်။
Eleven
0 comments:
Post a Comment