Thursday, November 28, 2013

၁၀ လအတွင်း ယာဉ်မတော်တဆမှု ၉၀၀၀ ကျော် ဖြစ်ပွားခဲ့ပြီး ပျမ်းမျှတစ်ရက်လျှင် လူရှစ်ဦးနှုန်း သေဆုံးနေ

၂၀၁၃ ခုနှစ် ဇန်န၀ါရီလမှ အောက်တိုဘာလအထိ ၁၀ လအတွင်း တစ်နိုင်ငံလုံးတွင် ယာဉ်မတော်တဆမှု ၉၀၀၀ ကျော် ဖြစ်ပွားခဲ့ပြီး ယာဉ်မတော်တဆမှုကြောင့် လူ ၂၀၀၀ ကျော် သေဆုံးခဲ့သဖြင့် ပျမ်းမျှတစ်ရက်လျှင် လူရှစ်ဦးနှုန်း သေဆုံးနေကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန၏ သတင်းအချက်အလက် များအရ သိရသည်။

၂၀၁၃ ခုနှစ် အောက်တိုဘာ လကုန်အထိ တစ်နိုင်ငံလုံးတွင် ယာဉ်မတော်တဆမှု ၉၂၇၆ မှု ဖြစ်ပွားခဲ့ပြီး ၂၀၁၂ ခုနှစ် အောက်တိုဘာလအထိ ယာဉ်မတော်တဆမှု ၇၆၃၇ မှု ဖြစ်ပွားခဲ့သဖြင့် ယခုနှစ် ယာဉ်မတော်တဆ ဖြစ်ပွားမှုမှာ ယခင်နှစ် အလားတူ ကာလထက် ၁၆၃၉ မှု ပိုမိုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယခုနှစ် အောက်တိုဘာလအထိ ယာဉ်မတော်တဆမှုကြောင့် လူသေဆုံးမှု အရေအတွက် ၂၄၁၅ ဦးရှိခဲ့ပြီး ယခင်နှစ် ကာလတူတွင် ၂၁၈၅ ဦးသာ ရှိခဲ့သဖြင့် လူသေဆုံးမှုမှာလည်း ယခုနှစ်တွင် ပိုမိုများပြားခဲ့ကြောင်း သိရသည်။

ယာဉ်မတော်တဆမှုကြောင့် ထိခိုက်ဒဏ်ရာရသူ အရေအတွက်မှာ ယခုနှစ်အတွင်း ၁၅၇၂၉ ဦးရှိခဲ့ပြီး ယခင်နှစ် အောက်တိုဘာလအထိ ၁၃၁၁၄ ဦးရှိခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံအတွင်း ယာဉ်တိုက်ခိုက်မှု အများဆုံး ဖြစ်ပွားသည့် ဒေသများမှာ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်း ဒေသကြီးတို့ဖြစ်ပြီး ယာဉ်မတော်တဆမှုကြောင့် သေဆုံးသူ အရေအတွက် အများဆုံးမှာ ရန်ကုန်၊ မန္တလေး၊ ပဲခူးတိုင်း ဒေသကြီးတို့ ဖြစ်ကြောင်း သိရသည်။

ယာဉ်မတော်တဆ ဖြစ်ပွားမှု အနည်းဆုံး ဒေသများမှာ မြန်မာနိုင်ငံအတွင်း ဖွံ့ဖြိုးမှု နည်းနေသေးသည့် ကယားပြည်နယ်နှင့် ချင်းပြည်နယ်တို့ဖြစ်ပြီး ယင်းဒေသများတွင် ယာဉ်မတော်တဆမှုကြောင့် သေဆုံးသူ အနည်းဆုံးဖြစ်ကြောင်း သိရသည်။

ဖွံ့ဖြိုးဆဲနိုင်ငံ တစ်ခုဖြစ်သော မြန်မာနိုင်ငံတွင် လူဦးရေ၊ ယာဉ်စီးရေ တိုးတက်များပြား လာသည်နှင့်အမျှ ယာဉ်အန္တရာယ်၏ ခြိမ်းခြောက်မှုမှာလည်း ကြီးမားသည့် စိန်ခေါ်မှုတစ်ရပ် ဖြစ်လာကြောင်း သိရသည်။ မြန်မာအပါအ၀င် ကမ္ဘာနှင့်တစ်ဝန်း ခြိမ်းခြောက်လျက်ရှိသော ယာဉ်အန္တရာယ်ကို ထိရောက်စွာ လျှော့ချနိုင်ရေး အတွက် ၂၀၁၀ ပြည့်နှစ် ကုလသမဂ္ဂ အထွေထွေ ညီလာခံမှ အတည်ပြု ပြဋ္ဌာန်းခဲ့သည့် ယာဉ်အန္တရာယ် ကင်းရှင်းရေး ဆယ်စုနှစ် စီမံကိန်း ၂၀၁၁-၂၀၂၀ မူကြမ်းကို မြန်မာနိုင်ငံကလည်း ပါဝင်ဆောင်ရွက် နေကြောင်း သိရသည်။
 Eleven

0 comments:

Post a Comment