Wednesday, November 27, 2013

ရခိုင်တွင် မိန်းကလေးငယ်နှစ်ဦး အသတ်ခံရမှု တစ်ပတ်ကျော် ကြာသည်အထိ မဖော်ထုတ်နိုင်

ရခိုင်ပြည်နယ် ကျောက်တော်နှင့် ပေါက်တောမြို့နယ် တို့တွင် ဖြစ်ပွားခဲ့သည့် ရခိုင်တိုင်းရင်းသူ ကလေးငယ်နှစ်ဦး အသတ်ခံရမှု တရားခံများကို ရက်သတ္တ တစ်ပတ်ကျော် ကြာမြင့်လာ သည်အထိ ဖော်ထုတ်နိုင်ခြင်း မရှိသေးကြောင်း သက်ဆိုင်ရာ ဒေသအာဏာပိုင် များထံမှ သိရှိရသည်။
ကျောက်တော်မြို့နယ် ကြာညိုပြင် ကျေးရွာမှ အသက်ခြောက်နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး နိုဝင်ဘာလ ၁၈ ရက်နေ့တွင် အသတ်ခံခဲ့ရမှုနှင့် ပတ်သက်၍ လူကိုးဦးကို အဆိုပါမြို့နယ်ရှိ အပေါက်ဝ ရဲတပ်ဖွဲ့စခန်းက စစ်ဆေးလျက်ရှိကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ သတင်းပြန်ကြားရေး ဆပ်ကော်မတီ ဥက္ကဋ္ဌ ဦးဦးလှသိန်းက ပြောကြားသည်။
"မုဒိမ်းကျင့်ခံရပြီး အသတ်ခံရသည့် အနေအထားပါ" ဟု ၄င်းက ဆိုသည်။

အလားတူ ပေါက်တောမြို့နယ် စိုးမဲကျီကျေးရွာတွင် အသက် ငါးနှစ်အရွယ် မိန်းကလေးတစ်ဦး နိုဝင်ဘာလ ၁၇ ရက်နေ့က အသတ်ခံရမှုနှင့် ပတ်သက်၍လည်း သံသယရှိသူ များကို စစ်ဆေးနေ သော် လည်း ပြစ်မှုကျူးလွန်သူ များကို ဖော်ထုတ်နိုင်ခြင်း မရှိသေးကြောင်း ပေါက်တောမြို့နယ် ရဲတပ်ဖွဲ့စခန်းမှ တာဝန် ကျရှိသူတစ်ဦးက ဆိုသည်။
"အရာရှိတွေက စိုးမဲကျီသွားပြီး စစ်ဆေးနေတယ်။ မရောက်လာကြသေးဘူး" ဟု နိုဝင်ဘာလ ၂၆ ရက်နေ့ ည ၈ နာရီတွင် မေးမြန်းမှုကို ၄င်းက ပြန်လည် ဖြေကြားသည်။

အဆိုပါ ငါးနှစ်အရွယ် မိန်းကလေးသည် နိုဝင်ဘာလ ၁၇ ရက်နေ့ ည ၆ နာရီ ဝန်းကျင်တွင် ပျောက် ဆုံး သွားပြီး နိုဝင်ဘာလ ၁၈ ရက်နေ့တွင် အိမ်နှင့် နှစ်ဖာလုံ ခန့်ဝေးသည့် စမ်းချောင်းအနီးတွင် ငယ်ထိပ် ပေါက်ပြဲဒဏ်ရာဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ကြောင်း ပေါက်တောမြို့နယ် ရဲတပ်ဖွဲ့စခန်း ထံမှ သိရှိရသည်။

ကျောက်တော်မြို့နယ်မှ မိန်းကလေးငယ်မှာ နိုဝင်ဘာလ ၁၈ ရက်နေ့တွင် နေအိမ်မှ ပျောက် ဆုံး သွားပြီး နောက်တစ်နေ့တွင် ရွာပြင် စပါးခင်းတွင် ဦးခေါင်း၊ ပါးတို့တွင် ဒဏ်ရာများ အပြင် အဓမ္မ ပြုကျင့်ခံရသည့် အနေအထားဖြင့် သေဆုံးနေခြင်း ဖြစ်ကြောင်း သက်ဆိုင်ရာ အာဏာပိုင်များ ထံမှ သိရှိရသည်။

The Voice

0 comments:

Post a Comment