Friday, November 29, 2013

နိုင်ငံတော် သမ္မတ ဦးသိန်းစိန် (၂၇) ကြိမ်မြောက် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနား အတွက် ဝတ်စုံပြည့် ကြိုတင် လေ့ကျင့် ပြင်ဆင်မှု ကြည့်ရှု အားပေး

 
 (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနား အတွက် ဝတ်စုံပြည့် ကြိုတင်လေ့ကျင့် ပြင်ဆင်မှုကို ယနေ့ညပိုင်းတွင် ကျင်းပရာ နိုင်ငံတော် သမ္မတ ဦးသိန်းစိန် တက်ရောက် ကြည့်ရှု အားပေးသည်။

အဆိုပါ အခမ်းအနားသို့ (၂၇) ကြိမ်မြောက် အရှေ့တောင် အာရှ အားကစားပြိုင်ပွဲ ကျင်းပရေး ဦးစီးကော်မတီ နာယက ဒုတိယ သမ္မတ ဦးဥာဏ်ထွန်း၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး၊ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ပြည်ထောင်စု ဝန်ကြီးများ၊ တာဝန် ရှိသူများနှင့် ဖွင့်ပွဲ အခမ်းအနားတွင် ပါဝင်ကြသူများ တက်ရောက် ကြသည်။

အခမ်းအနား မစတင်မီ ဆီးဂိမ်း လှုံ့ဆော်ရေး တေးသီချင်းများကို ပြည်သူချစ်သော အနုပညာရှင် များက တက်ရောက် လာကြသည့် ဧည့်ပရိသတ် များအား ဖျော်ဖြေ တင်ဆက်ကြရာ မြန်မာပြည် သိန်းတန်က တေးသံရှင် ကိုးဦးတို့ နှင့်အတူ ''စိမ်းလန်းသန့်စင် တို့ချစ်ခင်'' တေးသီချင်းဖြင့် လည်းကောင်း၊ တေးသံရှင် ဖြူဖြူကျော်သိန်းက ''မိုးယံလွင့်ပျံ လက်ခုပ်သံ'' တေးသီချင်းဖြင့် လည်းကောင်း၊ တေးသံ ရှင် ဇော်ဝင်းထွဋ်က ''ပန်းတိုင်သို့'' တေးသီချင်းဖြင့် လည်းကောင်း၊ တေးသံရှင် ချမ်းချမ်းက Welcome to Our Beloved Golden Land တေးသီချင်းဖြင့် လည်းကောင်း၊ တေးသံရှင် ထူးအယ် လင်းနှင့် ဆုန်သင်းပါရ်တို့က Theme Song ဖြစ်သည့် ''ရောင်စုံ ဥယျာဉ်'' တေးသီချင်းဖြင့် လည်းကောင်း၊ တေးသံရှင် ဖြိုးကြီးနှင့် ယုဇနတို့က ''နေ့သစ် များရဲ့ မြန်မာပြည်'' တေးသီချင်း ဖြင့် လည်းကောင်း၊ တေးသံရှင် မေခလာက တေးသံရှင် သုံးဦးတို့နှင့်အတူ ''မိုးယံထက် က မြန်မာပြည်သား'' တေးသီချင်းဖြင့် လည်းကောင်း၊ တေးသံရှင် စောခူဆဲက ''အချိန်နှင့် အမျှ'' တေးသီချင်းဖြင့် လည်းကောင်း ဖျော်ဖြေ တင်ဆက်ခဲ့ကြသည်။

ထို့နောက် ဖွင့်ပွဲ အခမ်းအနား အတွက် ဝတ်စုံပြည့် ကြိုတင်လေ့ကျင့် ပြင်ဆင်မှုကို ည ၇နာရီတွင် စတင် ကျင်းပရာ ဖွင့်ပွဲ အခမ်းအနား အစီအစဉ်များ အတိုင်း ဆက်လက် လေ့ကျင့် ဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။

မြ၀တီ

0 comments:

Post a Comment