Thursday, November 7, 2013

သတ်မှတ်ချိန်အတွင်း မပြီးစီးသည့် ဆောက်လုပ်ရေးကုမ္ပဏီကို အရေးယူရန် လွှတ်တော်ဆုံးဖြတ်

သတ်မှတ်ချိန်ထက် ခုနစ်လကျော်နေသော်လည်း ပြီးစီးခြင်းမရှိသေးသည့် ရွှေလွင်လွင် ဆောက်လုပ်ရေး ကုမ္ပဏီကို အရေးယူရန် အမျိုးသားလွှတ်တော်တွင် ဆုံးဖြတ်လိုက်ပြီ ဖြစ်သည်။

ထိုကုမ္ပဏီကို အရေးယူရန် အောက်တိုဘာ ၉ ရက်က ပြုလုပ်သည့် အမျိုးသား လွှတ်တော်တွင် ပြည်သူ့ ငွေစာရင်းကော်မတီဥက္ကဋ္ဌ ဦးသိန်းဝင်းက အဆိုတင်ခဲ့ခြင်းဖြစ်ပြီး နိုဝင်ဘာ ၆ ရက်က ပြုလုပ်သည့် အမျိုး သားလွှတ်တော်တွင် ကိုယ်စားလှယ်အားလုံးက သဘောတူခဲ့သည်အတွက် ထိုသို့ ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

“လုပ်ထုံးလုပ်နည်းနဲ့အညီ စာချုပ်ပါစည်းကမ်းကတစ်ပိုင်း၊ နောက်တစ်ခါ နိုင်ငံတော်ရဲ့လုပ်ထုံးလုပ်နည်း နဲ့ကတစ်ပိုင်း၊ ကျွန်တော်တို့ ဆက်လက် အရေးယူ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”ဟု မွေးမြူရေး၊ ရေ လုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးတင်ငွေက လွှတ်တော်တွင် ပြော သည်။

စာချုပ်ပါအတိုင်း အရေးယူမည်ဆိုပါက ကုမ္ပဏီမှ တစ်ရက်လျှင် ငါးသောင်းကျပ်နှုန်းဖြင့် ဒဏ်ကြေး ပေး ဆောင်ရမည်ဖြစ်ပြီး စပေါ်တင်ထားသော လုပ်ငန်းတန်ဖိုး၏ ဆယ်ရာခိုင်နှုန်းကို လည်း ပြန်ရမည် မဟုတ်ပေ။

ပဲခူးတိုင်းအတွင်း ၁၁ မြို့နယ်ရှိ လမ်း၊ တံတားများဆောက်လုပ်ရန် တင်ဒါအောင်ထား သည့် ရွှေလွင်လွင် ဆောက်လုပ်ရေးကုမ္ပဏီသည် လက်ခံထားသည့် လုပ်ငန်းပေါင်း၂၀ ကျော်ကို ယခုနှစ် မတ်လကုန်တွင် အပြီးသတ်ရန် အစိုးရနှင့် စာချုပ်ချုပ်ဆိုထားခြင်း ဖြစ်သည်။ ရွှေလွင်လွင်ကုမ္ပဏီမှ တင်ဒါအောင်ထား သည့် လုပ်ငန်း၂၀ ကျော်၏ ကုန်ကျမည့်တန်ဖိုးမှာ ကျပ်သန်းပေါင်း ၁၁၅၇ ဒသမ၂၇၀ ဖြစ်ပြီး ယင်းကုန် ကျငွေ၏ ၈၀ ရာခိုင်နှုန်းကိုလည်း ထိုကုမ္ပဏီသို့ အစိုးရက ငွေထုတ်ပေး ထားပြီးလည်း ဖြစ်သည်။

ထိုငွေပမာဏ ထုတ်ပေးထားခြင်းနှင့် ပတ်သက်ပြီး လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က “ထုတ်ပေးတဲ့ ငွေ များနေတယ်လို့ ကျွန်တော် စိတ်ထဲမှာ ခံစားရပါတယ်။ ဒီလိုလုပ်တဲ့အခါ မျက်နှာနာခြင်း၊ အားနာခြင်း၊ မရှိဘဲနဲ့ ကြပ်မတ်ပေးဖို့ မေတ္တာရပ်ခံပါတယ်”ဟု ပြောသည်။

အဆိုပါကုမ္ပဏီမှာ သတ်မှတ်ချိန်အတွင်း ပြီးစီးခြင်းမရှိသည့်အပြင် တင်ဒါအောင်ထားသော နတ္တလင်းမြို့နယ်အတွင်း ခုနစ်မိုင်အရှည်ရှိသည့် နတ္တလင်း-ဒမငယ်-တောင်ညိုလမ်း ကျောက်ချောခင်းခြင်း လုပ်ငန်း တွင်လည်း သတ်မှတ်ထားသည့် ကျောက်ကို သုံးထားခြင်းမရှိဟုလည်း အဆိုရှင် ဦးသိန်းဝင်းက မဇ္ဈိမကို ပြောသည်။

“ချောင်းကျောက်ကို နှစ်လက်မထုခင်းရမယ်။ အပေါ်က အုပ်ပြီး ခင်းပေးရမှာ။ အဲ့ဒီအစား သူက မြေနီ ကျောက်စရစ်ကို သုံးလိုက်တယ်။ မြေနီကျောက်စရစ်က ကျောက်စရစ်များတဲ့မြေဆိုရင် ကိစ္စမရှိဘူး။ အခုက ကျောက်နည်းနည်းလေးပါတဲ့ဟာကို သုံးလိုက်တဲ့အတွက် လမ်းက တာရှည်လည်းမခံဘူး”ဟု ၎င်းက ပြောသည်။

အဆိုပါကိစ္စကို ဒေသခံများက ပြည်သူ့ငွေစာရင်းကော်မတီသို့ တိုင်ကြားထားသည့်အတွက် ကော်မတီ က ကွင်းဆင်းလေ့လာမှုအရ သိရသည်ဟု ဦးသိန်းဝင်းက ရှင်းပြသည်။

ဦးသိန်းဝင်း၏ ပြောပြချက်အရ ရွှေလွင်လွင်ကုမ္ပဏီမှ ပြီးစီးခြင်းမရှိသေးသည့် လုပ်ငန်းများမှာ ခုနစ်မိုင် အရှည်ရှိသည့် နတ္တလင်း-ဒမငယ်-တောင်ညိုလမ်း ကျောက်ချောခင်းလမ်းအပြင် အရှည် ၂၀ ပေရှိ သာယာဝတီ-ဗေဒင်ကုန်း-ချီကြီးကွင်းလမ်းရှိ တံတား၊ အရှည်၂၀ ပေရှိသည့် သာယာဝတီ-လှည်းကူး ဇိမ့်ဇာ တံတား၊ အရှည်ပေ ၄၀ ရှိသည့် လက်ပံတန်း-ကျခတ်ရိုး သစ်သားတံတား၊ ငါးမိုင်အရှည်ရှိသည့် ပေါင်း တည်-တပွန် ကတ္တရာလမ်း၊ အရှည်ပေ ၆၀ ရှိသည့် လက်ပံတန်း-ရေသောက်ရိုး သစ်သားတံတားတို့ ဖြစ် သည်။

ပြီးစီးခြင်းမရှိသေးသည့် လုပ်ငန်းများကို ဒီဇင်ဘာ ၁၅ ရက်တွင် အပြီးသတ်ရန် ထိုကုမ္ပဏီကို ကြပ်မတ် သွားမည်ဟုလည်း မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒု-၀န်ကြီး ဦးတင် ငွေက လွှတ်တော်တွင် ကတိပြုသွားခဲ့သည်။

ရန်ကုန်မြို့ရှိ လမ်း/တံတားများအား ဆောက်လုပ်ရာတွင် စံချိန်မီအောင် ပြုလုပ်ခြင်းရှိ/မရှိ စစ်ဆေးပုံနှင့် စံချိန်မီအောင် မဆောင်ရွက်သည့် ၀န်ထမ်းကို မည်သို့အရေးယူပုံကို ဆိပ်ကမ်းမြို့နယ်ရှိ တိုင်းအမတ် ဦးနေမျိုးအောင်ကလည်း ပြီးခဲ့သည့်နှစ် စက်တင်ဘာလအတွင်းက ပြုလုပ်သည့် ရန်ကုန်တိုင်း လွှတ်တော်တွင် မေးခွန်းထုတ်ခဲ့ဖူးသည်။

Mizzima - News in Burmese

0 comments:

Post a Comment