Tuesday, November 26, 2013

လာမည့် ပညာသင်နှစ်အတွက် အခြေခံပညာ သင်ရိုးညွှန်းတမ်း များ လျှော့ချထားဟုဆို


  အခြေခံပညာ ကဏ္ဍအတွက် လာမည့် ၂၀၁၄-၂၀၁၅ ပညာသင်နှစ် ပြဋ္ဌာန်းစာအုပ် ဒီဇိုင်းအသစ် များတွင် အတန်းအလိုက် သင်ရိုး ညွှန်းတမ်းများ လျှော့ချ ပေးထားကြောင်း ပညာရေး စီမံကိန်းနှင့် လေ့ကျင့်ရေး ဦးစီးဌာနမှ ပညာရေး ဝန်ထမ်းတစ်ဦးက The Voice သို့ ပြောကြားသည်။

လက်ရှိ သင်ရိုးညွှန်းတမ်း များတွင် အကြောင်းအရာ တူနေသော သင်ခန်းစာများ၊ ခေတ်စနစ်နှင့် ကိုက်ညီမှု မရှိသော သင်ခန်းစာများကို ပယ်ဖျက်ထားပြီး ယင်းသို့ သင်ခန်းစာများ လျှော့ချခြင်းကို အစိုးရသစ် လက်ထက် မတိုင်ခင် ပြင်ဆင်ခြင်း မရှိခဲ့ကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။
“သင်ရိုးညွှန်းတမ်း အားလုံးရဲ့ ၂၀ ရာခိုင်နှုန်း ဝန်းကျင်ကို ပြင်ထားတယ်။ သင်ခန်းစာတွေ များတယ်ပြောလို့ အခု လျှော့ပေးလိုက်တာ” ဟု ၎င်းက ပြောဆိုသည်။

ပညာရေးဝန်ကြီးဌာန၏ အစိုးရ သင်ရိုးညွှန်းတမ်း များသည် နိုင်ငံတကာ စံညွှန်းနှင့် နှိုင်းယှဉ်ပါက နည်းပါးနေသေးသည့်အပြင် သင်ကြား နည်းစနစ်နှင့် စာမေးပွဲ စစ်ဆေးနည်း များကိုလည်း သင်ရိုး နှင့်အတူ ပြင်ဆင်ရန် လိုအပ်ကြောင်း ပညာရေး လေ့လာ စောင့်ကြည့်သူများက သုံးသပ် ပြောကြားသည်။

ယင်းအပြင် အစိုးရ စာသင်ကျောင်းများ၏ တွဲဖက်သင်ရိုးဝင် ဘာသာရပ် အချိန်မှာ အာဆီယံ ဒေသတွင်း နိုင်ငံများတွင် အနည်းဆုံး ဖြစ်ပြီး တွဲဖက်သင်ရိုးဝင် ဘာသာရပ်သင်ချိန်တွင် သင်ရိုးဝင် ဘာသာရပ်များ သင်ကြားခြင်းကြောင့် ဘက်စုံ ထူးချွန်သူများ မထွက်ရှိကြောင်း ဘက်စုံ လွှမ်းခြုံနိုင်သော ပညာရေးကဏ္ဍ လေ့လာသုံးသပ်ရေး အတွဲ (၁) အစီရင်ခံစာတွင် ဖော်ပြထားသည်။

ပညာရေး ဝန်ကြီးဌာနက လက်ရှိ အချိန်တွင် သင်ရိုးညွှန်းတမ်း ပြင်ဆင် ရေးဆွဲရေးအတွက် သင်ရိုးညွှန်းတမ်း မူဘောင် မူကြမ်း ရေးဆွဲလျက် ရှိပြီး ယခုနှစ် ဒီဇင်ဘာလအတွင်း ပြည်သူလူထုနှင့် ပညာရှင်များထံ ချပြသွားမည် ဖြစ်ကြောင်း ပညာရေး ဝန်ကြီးဌာနထံမှ စုံစမ်းသိရှိရသည်။

စာရွက်အသားနှင့် စာအုပ် အရွယ်အစား ပြောင်းလဲထားသော အခြေခံပညာ ပြဋ္ဌာန်း စာအုပ်အသစ် များကို လာမည့် ၂၀၁၄-၂၀၁၅ ပညာသင်နှစ်တွင် စတင်ရောင်းချသွားရန် စီစဉ်ထားသည်။

The Voice 

0 comments:

Post a Comment