မန္တလေးတိုင်း
ဒေသကြီး တံတားဦး မြို့နယ် ကူးတို့ဆိပ် ကျေးရွာတွင် နိုဝင်ဘာလ ၆ ရက်နေ့က
လူငယ် သုံးဦးသည် ပိုးသတ်ဆေး သုတ်ထားသည့် ဖရဲသီးစိတ်များကို စားမိ၍ မူးဝေ
အော့အန်ခဲ့သဖြင့် တံတားဦး ဆေးရုံသို့ တက်ရောက် ဆေးကုသခဲ့ရာ တစ်ဦးမှာ
ယင်းနေ့တွင်ပင် သေဆုံးသွားကြောင်း မန္တလေးတိုင်း ဒေသကြီး
ရဲတပ်ဖွဲ့မှူးရုံးနှင့် အဆိုပါ ဆေးရုံတက်၍ ကုသနေသူ တစ်ဦး၏ ဖခင်ဖြစ်သူက
ပြောကြားသည်။
တံတားဦးမြို့နယ်
ကူးတို့ဆိပ် ကျေးရွာ နေထိုင်သူ ဖရဲခင်းပိုင်ရှင် ဦးမြမောင်သည် နိုဝင်ဘာလ ၆
ရက်နေ့ ညနေ ၅ နာရီခန့်က ထန်းပင်အောက်ရှိ ဖရဲသီးစိတ်များကို ကြွက်သတ်ဆေး
သုတ်၍ ရှဥ့်ထောင်ထားစဉ် ၎င်း၏ အလုပ်သမားများ ဖြစ်သည့် အောင်တိုး ၁၅ နှစ်၊
ဖြိုးဝေဇော် ၁၅ နှစ်နှင့် မအေးမြတ်မွန် တို့က အဆိုပါ ဖရဲသီးစိတ်များ
ကြွက်သတ်ဆေး သုတ်လိမ်းထားသည်ကို မသိဘဲ စားမိ၍ မူးဝေ အော့အန်ကာ တံတားဦး
ဆေးရုံသို့ ပို့ဆောင်ခဲ့ရကြောင်း အဆိုပါ တံတားဦး မြို့နယ်ရှိ
ဂေါင်းကွဲကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်ဆန်းခိုင်က ပြောကြားသည်။
“ဖရဲပင်တွေကို ရှဥ့်လာကိုက်လို့ ဖရဲသီးတွေမှာ ပိုးသတ်ဆေး သုတ်ပြီး ရှဥ့်
ဖမ်းတာတွေလည်း တချို့ ရှိပါတယ်။ နောက်တစ်ခု ကြားတာက ဆေးဖျန်းရင်းနဲ့
အဆိပ်သင့်တယ် လို့လည်း ကြားတယ်။ သေသွားတဲ့ ကလေးတစ်ယောက် ကိုလည်း
အခင်းပိုင်ရှင်က သိန်း ၄၀ လျော်ကြေး ပေးတယ်လို့လည်း သိရတယ်” ဟု
ဦးကျော်ဆန်းခိုင်က The Voice သို့ ပြောကြားသည်။
သေဆုံးသွားသည့်
မောင်ဖြိုးဝေဇော်၏ မိသားစုကို အခင်းပိုင်ရှင်က လျော်ကြေးငွေ အဖြစ်
ကျပ်သိန်း ၄၀ ပေးခဲ့ပြီး အဆိပ်သင့်သူ မိန်းကလေးမှာ ကျန်းမာရေး အခြေအနေ
ကောင်းမွန်လာသဖြင့် ဆေးရုံမှ ဆင်းသွားခဲ့ပြီး ဖြစ်ကြောင်း ယင်းတံတားဦး
ဆေးရုံတွင် ဆက်လက် ဆေးကုသမှု ခံယူနေ သည့် မောင်အောင်တိုး၏ ဖခင် ဖြစ်သူက ထပ်မံ
ပြောကြားသည်။
အဆိုပါ သေဆုံးမှုနှင့် ပတ်သက်၍ တံတားဦး
မြို့မရဲစခန်းက သေမှုသေခင်း အမှတ်စဉ် ၇/၂၀၁၃ ဖြင့် အမှုဖွင့် အရေးယူ
စစ်ဆေးလျက် ရှိကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး မှတ်တမ်းများအရ
သိရသည်။
The Voice
0 comments:
Post a Comment