Monday, October 21, 2013

မြို့ပတ်အဲယားကွန်းရထား နေ့စဉ်ခရီးသွား ၂၀၀၀ ခန့် အသုံးပြု

လူဦးရေ သုံးရာကျော် အသုံးပြုနိုင်သော မြို့ပတ်အဲယားကွန်း ရထားကို နေ့စဉ်လူဦးရေ ၂၀၀၀ ခန့်အထိ ရာနှုန်းပြည့် အသုံးပြုနေကြောင်း ရန်ကုန်ဘူတာကြီးမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။

ဂျပန်နိုင်ငံက ၀ယ်ယူခဲ့ပြီး ပုံမှန်ရထားများထက် ပြေးဆွဲချိန် ၃၅ မိနစ်အထိ လျော့ချနိုင်သော အဲယားကွန်း ပါဝင်သည့် ရန်ကုန်မြို့ပတ် ရထားကို စက်တင်ဘာ ၂၉ ရက်က စတင်ပြေးဆွဲခဲ့ခြင်း ဖြစ်သည်။

ယင်းသို့ အဲယားကွန်း ပါဝင်သည့် မြို့ပတ်ရထားဆိုင်း ၁၀ ဆိုင်းဖြင့် ပြေးဆွဲရခြင်းမှာ ရန်ကုန်မြို့၏ ယာဉ်ကြောကျပ်တည်းမှုကို ဖြေလျှော့ရန်အတွက် ရထားများ၏ ၀န်ဆောင်မူကို တိုးမြှင့်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ခရီးသည် ၀န်ဆောင်ခများ အနေဖြင့် တစ်ဦးလျှင် ကျပ် ၄၀၀ နှုန်း သတ်မှတ်ခဲ့ပြီး နိုင်ငံခြားသား တစ်ဦးလျှင်မှု တစ်ဒေါ်လာစီ ကောက်ခံခဲ့သော်လည်း စီးနှင်းအသုံးပြုသူများမှာ လျော့ကျခြင်း မရှိကြောင်း ရန်ကုန်ဘူတာကြီးမှ ဒုတိယရုံပိုင်ချုပ် ဦးရဲလွင်က ပြောကြားသည်။

"တစ်နေ့ကို အသုံးပြုသူ အရေအတွက်က ၁၅၀၀ ကျော်နေတာ ရှိသလို ၂၀၀၀ ကျော်ထိ ရှိသွားတာမျိုးတွေလည်း ကြုံရပါတယ်" ဟု ဦးရဲလွင်က ဆိုသည်။

ယင်းအဲယားကွန်း ပါဝင်သော ရန်ကုန်မြို့ပတ် ရထားကို လူစီးနှုန်း များပြားသော ဘုရားလမ်း၊ ကြည့်မြင်တိုင်၊ ကမာရွတ်၊ သမိုင်း၊ အင်းစိန်၊ တညင်းကုန်း၊ မင်္ဂလာဒုံ၊ ပုရွက်ဆိတ်ကုန်း၊ တံတားကလေး၊ ကံဘဲ့၊ မလွှကုန်းနှင့် ပုဇွန်တောင်ဘူတာ ဂိတ်တို့တွင် ရပ်နားပြီး တစ်နေ့လျှင် ရှစ်ခေါက်နှုန်းဖြင့် ပြေးဆွဲနေကြောင်း သိရသည်။

စတင်ပြေးဆွဲချိန်များ အနေဖြင့် နံနက် ၆ နာရီခွဲမှစ၍ အင်းစိန်ဘူတာ-ရန်ကုန်ဘူတာကြီးမှ မြို့ပတ်ကာ-မင်္ဂလာဒုံဘူတာ၊ မင်္ဂလာဒုံဘူတာ-ရန်ကုန်ဘူတာကြီး-အင်းစိန်ဘူတာ-ရန်ကုန်ဘူတာကြီး- နောက်ဆုံးတွင် အင်းစိန်ဘူတာ၌ ဂိတ်ထိုးထားကြောင်း သိရသည်။

ယခု ပြေးဆွဲနေသော အဲယားကွန်း မြို့ပတ်ရထားကို ဂျပန်ယန်း ၈ ဒသမ ၆ သန်းဖြင့် ၂၀၁၁ ခုနှစ်အတွင်း ၀ယ်ယူထားပြီး ဖြစ်သော်လည်း ရန်ကုန်မြို့ပတ် ရထားလမ်း အခြေအနေဖြင့် တိုက်ဆိုင်ပြုပြင် စစ်ဆေးပြီးမှသာ လုပ်ကိုင်ခဲ့ရကြောင်း ရထားပို့ဆောင်ရေး ၀န်ကြီးဌာနမှ ထုတ်ပြန်သည်။

လက်ရှိတွင် အဲယားကွန်း မြို့ပတ်ရထား အပါအ၀င် ရန်ကုန်မြို့တွင် ပြေးဆွဲနေသော မြို့ပတ်ရထားလိုင်းပေါင်း ၂၁ လိုင်းရှိပြီး ငါးမိနစ်လျှင် တစ်ကြိမ်ထွက်ရှိနေပြီး တစ်နေ့လျှင် ခေါက်ရေ ၂၀၀ လူဦးရေ တစ်သိန်းကျော် အသုံးပြုနေပြီဖြစ်ကြောင်း သိရသည်။


ရန်ကုန်ဘူတာကြီးမှ-မင်္ဂလာဒုံဘူတာသို့ ပြေးဆွဲနေသော မြို့ပတ်အဲယားကွန်း ရထားကို တွေ့ရစဉ်

0 comments:

Post a Comment