မြန်မာနိုင်ငံသည် အနာကြီးရောဂါ ဖြစ်ပွားမှုနှုန်း မြင့်မားသည့် အရှေ့တောင်အာရှ နိုင်ငံများတွင် နံပါတ်ငါး နေရာတွင် ရှိနေကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့မှ ထုတ်ပြန်ချက်အရ သိရသည်။
အနာကြီးရောဂါ ဖြစ်ပွားမှုမြင့်မားသည့် အရှေ့တောင်အာရှ နိုင်ငံများအနက် မြန်မာနိုင်ငံသည် နံပါတ် ၅ နေရာတွင် ရှိနေကြောင်းနှင့် နံပါတ် ၁ သည် အင်ဒိုနီးရှား၊ နံပါတ် ၂ သည် အိန္ဒိယ၊ နံပါတ် ၃ သည် ဘင်္ဂလားဒေ့ရှ်၊ နံပါတ် ၄ သည် နီပေါနိုင်ငံတို့ ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
အနာကြီးရောဂါတွင် ကိုယ်အင်္ဂါ ပျက်စီးရသည့် အခြေအနေကို ဒုတိယအဆင့် လူနာအဖြစ် သတ်မှတ်ထားပြီး ယင်းလူနာများမှာ နှစ်စဉ် ၄၀၀ ကျော် ထွက်ရှိနေသည်။
ယင်းကဲ့သို့ ဒုတိယအဆင့် လူနာများ နှစ်စဉ်ထွက်ရှိ နေခြင်းမှာ လူနာသစ် ရှာဖွေမှု နှောင့်နှေးခြင်း၊ ဝေဒနာရှင်များ အနေဖြင့် အနာကြီးရောဂါ ဖြစ်ပွားနေသည်ကို လူသိမခံလိုခြင်း၊ မိမိကိုယ်တိုင် အနာကြီးရောဂါ ခံစားနေရကြောင်း မသိခြင်းစသည့် ကျန်းမာရေးဆိုင်ရာ အသိပညာ အားနည်းခြင်းများကြောင့် ဖြစ်နိုင်ကြောင်း၊ အကြောင်းရင်းမှန်များကို သိရှိနိုင်ရန် သုတေသန ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
သုတေသန လုပ်ငန်းများကို ရောဂါဖြစ်ပွားနှုန်း မြင့်မားသည့် ဧရာဝတီတိုင်း ဒေသကြီးနှင့် မန္တလေးတိုင်း ဒေသကြီးတို့တွင် ဒီဇင်ဘာလမှ စတင်ကာ သုတေသန လုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ပြီး ကျန်းမာရေး ဦးစီးဌာန၊ ဆေးသုတေသနဌာန (အောက်မြန်မာပြည်)နှင့်ဒေသခံအနာကြီးရောဂါ ဝေဒနာရှင်များနှင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း သုတေသန လုပ်ငန်းများ ဆောင်ရွက်ရန် တစ်နှစ်ခန့် ကြာမြင့်မည် ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် အနာကြီးရောဂါ ဖြစ်ပွားမှုနှုန်း မြင့်မားသည့် ဒေသများမှာ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသ ကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီးနှင့် မကွေးတိုင်း ဒေသကြီးတို့ဖြစ်ပြီး ယင်းတို့အနက်မှ ဖြစ်ပွားမှု အမြင့်ဆုံးဖြစ်သည့် မန္တလေးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်း ဒေသကြီးတွင် သုတေသန လုပ်ငန်းများဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။
ကျန်းမာရေး ဦးစီးဌာန အနေဖြင့် အနာကြီးရောဂါ ဖြစ်ပွားသူများအတွက် MTD ဆေးများဖြင့် ကုသပေးလျက် ရှိကြောင်းနှင့် ရောဂါဖြစ်ပွားသည့် အခြေအနေပေါ် မူတည်၍ ဆေးကုသချိန်မှာ ခြောက်လမှ တစ်နှစ်ထိ ကြာမြင့်နိုင်ကြောင်း သိရသည်။
၂၀၁၂ ခုနှစ်က ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာအရ နှစ်စဉ် အနာကြီးရောဂါဖြစ်ပွားသူ လူနာအသစ် နှစ်သိန်းကျော် ရှိကြောင်းနှင့် ယင်းဖြစ်ပွားသူများ အနက်မှ လူဦးရေ ၁၃၀၀၀ မှ ၁၅၀၀၀ ၀န်းကျင်ထိ လူများမှာ ရုပ်ပိုင်းဆိုင်ရာ ယိုယွင်းခြင်းနှင့် ကိုယ်အင်္ဂါ မသန်စွမ်းမှုတို့ ဖြစ်နေကြောင်း သိရသည်။
မြန်မာနိုင်ငံသည် ရောဂါဖြစ်ပွားမှုနှုန်း မြင့်မားသည့် နိုင်ငံ ၁၈ နိုင်ငံ၌ ပါဝင်ပြီး နှစ်စဉ်ရောဂါ ဖြစ်ပွားသူ လူနာအသစ် ၃၀၀၀ မှ ၃၅၀၀ ထိ ရောဂါဖြစ်နှုန်းမြင့်သည့် နိုင်ငံများ၌ ပါဝင်နေသည်။
eleven media group
0 comments:
Post a Comment