Wednesday, October 23, 2013

စွမ်းအင်ကဏ္ဍ အားနည်းမှုများကြောင့် နိုင်ငံတော်၏ လူမှုစီးပွားဘ၀ ဖွံ့ဖြိုးရေးကဏ္ဍများ ထင်သလောက် ခရီးမပေါက်ခဲ့ဟု ဒုတိယသမ္မတ ဦးဥာဏ်ထွန်း ပြောကြား

P-23-10
အမျိုးသားစွမ်းအင် စီမံခန့်ခွဲမှု ကော်မတီ အစည်းအဝေးတွင် ဒုတိယသမ္မတ ဦးဥာဏ်ထွန်း အမှာစကား ပြောကြားနေစဉ် (ဓာတ်ပုံ-facebook\HmuuZaw)
ဒုတိယသမ္မတ ဦးဥာဏ်ထွန်းက အောက်တိုဘာ ၂၂ ရက်က နေပြည်တော် စက်မှုဝန်ကြီးဌာနတွင် ပြုလုပ်သည့် အမျိုးသားစွမ်းအင် စီမံခန့်ခွဲမှု ကော်မတီ အစည်းအဝေးတွင် စွမ်းအင်ကဏ္ဍ အားနည်းမှုများကြောင့် လူမှုစီးပွားဘ၀ ဖွံ့ဖြိုးရေး ကဏ္ဍများတွင် ထင်သလောက် ခရီးမပေါက်ခဲ့ခြင်း ဖြစ်သည်ဟု အမှာစကား ပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့သည်။
ယနေ့ စွမ်းအင်ကဏ္ဍတွင် စိတ်ချရပြီး ရေရှည်တည်တံ့မည့် စွမ်းအင်အရင်းအမြစ်များကို ဖော်ထုတ်အသုံးချနိုင်သည့် အခြေခံ အဆောက်အအုံ၊ ဖွဲ့စည်းမှုနှင့် လူသားအရင်းအမြစ်ဆိုင်ရာ စွမ်းရည်များ အားနည်းခြင်း၊ မလုံလောက်ခြင်း စသည့်ပြဿနာများနှင့် ရင်ဆိုင်ကြုံတွေ့ နေရကြောင်း၊ ယင်းပြဿနာများကြောင့် လျှပ်စစ်ဓာတ်အား သုံးစွဲမှု အချိုးလျော့ကျခြင်း၊ နည်းပညာဆိုင်ရာ လေလွင့်ဆုံးရှုံးမှု မြင့်မားခြင်း၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်း၊ ပို့လွှတ်ခြင်းနှင့် ဖြန့်ဖြူးခြင်း ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှု နည်းပါးခြင်းတို့ကြောင့် ယုံကြည်စိတ်ချရမှုရှိသည့် စွမ်းအင်ထောက်ပံ့မှု မပေးနိုင်ခြင်းအပြင် ပြည့်ဖြိုးမြဲ စွမ်းအင်ကဏ္ဍတွင်လည်း ရင်းနှီးမြှုပ်နှံမှု အကန့်အသတ် ရှိသည့်အတွက် စွမ်းအင်သဘာဝ အရင်းအမြစ်များကို ထိထိရောက်ရောက် အသုံးမချနိုင်ခြင်း စသည့်စွမ်းအင်ကဏ္ဍ အကျိုးသက်ရောက်မှုများ ဖြစ်ပေါ်လာရခြင်းများကြောင့် နိုင်ငံတော်၏ လူမှုစီးပွား ဖွံ့ဖြိုးရေး ကဏ္ဍများတွင် မိမိတို့ထင်သလောက် ခရီးမပေါက်ခဲ့ခြင်းဖြစ်ကြောင်း ဒုတိယသမ္မတ ဦးဥာဏ်ထွန်းက ပြောကြားသည်။
ထို့ပြင် ဒုတိယသမ္မတက ပုဂ္ဂလိက လျှပ်စစ်ထုတ်လုပ်မှုအတွက် ခိုင်မာသော ဥပဒေများ၊ လျှပ်စစ်ဓာတ်အား ၀ယ်ယူရေး သဘောတူ စာချုပ်များကိုလည်း နိုင်ငံတကာ စံနှုန်းများနှင့်အညီ သတ်မှတ်ပြဋ္ဌာန်း ကျင့်သုံးရန် လိုအပ်ကြောင်း၊ စွမ်းအင်နှင့် လျှပ်စစ်ဝန်ဆောင်မှု လုပ်ငန်းများအပေါ် ပြည်သူလူထု၏ ထင်မြင်ချက်နှင့် ဆန္ဒသဘောထားများကို အလေးထား၍ ပြုပြင်ဖြည့်ဆည်းပေးသွားရန် ဖြစ်ပါကြောင်း၊ အမျိုးသားစွမ်းအင် စီမံခန့်ခွဲမှု ကော်မတီ၏ ဖွဲ့စည်းမှုပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုနှင့် စွမ်းဆောင်ရည် တည်ဆောက်ရေး အတွက်ကိုလည်း ကော်မတီအတွင်း ပါဝင်သော ဌာနအချင်းချင်း အလေးအနက်ထား ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ခြင်း၊ ဖွံ့ဖြိုးမှု နိုင်ငံတကာ မိတ်ဖက်အဖွဲ့အစည်းများနှင့် မူဝါဒဆိုင်ရာ ဆွေးနွေးမှုများ ပြုလုပ်ပြီး နည်းပညာ အထောက်အပံ့ ရယူခြင်းတို့ကို ဆောင်ရွက် သွားရ မည် ဖြစ်ကြောင်းလည်း ပြောကြားသည်။
ဝယ်လိုအားများကို ဖြည့်ဆည်းပေးနိုင်မည့် ဓာတ်အားပေးစက်ရုံများ တည်ထောင်ရင်းနှီး မြုပ်နှံမှုများကို အားပေးသွားရန် လိုအပ်ကြောင်း၊ စက်မှုဇုန်များအလိုက် လျှပ်စစ်လိုအပ်ချက်ကို မဟာဓာတ်အားလိုင်းမှ မဖြည့်ဆည်းပေးနိုင်သည့် အချိန်များတွင် ပုဂ္ဂလိက ဓာတ်အားထုတ်လုပ် ရောင်းချမှုကို လွယ်ကူရိုးရှင်းစွာ ဆောင်ရွက်နိုင်ရေး ပံ့ပိုးသွားရန်ဖြစ်ကြောင်း၊ ရင်းနှီးမြုပ်နှံသူများလည်း အကျိုးရှိ၊ သုံးစွဲသူများလည်း သက်သာစေမည့် လျှပ်စစ်ဈေးနှုန်းများ ဖြစ်စေရန် လိုအပ်ကြောင်းလည်း ဒုတိယ သမ္မတက ပြောကြားခဲ့သည်။ အစည်းအဝေးသို့ အမျိုးသားစွမ်းအင် စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဇေယျာအောင်၊ ဒုတိယဥက္ကဋ္ဌ လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်း၊ သတ္တုတွင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်အောင်နှင့် ဒုတိယ၀န်ကြီးများ တက်ရောက်ခဲ့သည်။  

Eleven

0 comments:

Post a Comment